ဘူတာရုံဟောင်းလေး၏ နောက်ကွယ်မှ . . .

.

ရန်ကုန်၊ဖေဖော်ဝါရီ ၂၁ ။           ။ ရန်ကုန်မြို့ ကြည့်မြင်တိုင် ဘူတာ၏ ရှေ့တည့်တည့်တွင် မြန်မာနိုင်ငံအလံလွှင့်ထူထားပြီး လေတိုက်သည့်အချိန်တိုင်း တရွေ့ရွေ့လွင့်နေကာ ရထားပလက်ဖောင်းတစ်ဝိုက် အမှိုက်များကင်းစင်ကာ ရှင်းလင်းနေသည်။

ထိုမြင်ကွင်းနှင့် လုံးလုံးခြားနားသော မြင်ကွင်းကတော့ ဘူတာအနောက်ဖက်မှာ ဖြစ်သည်။ ဘူတာ၏ အနောက်ဘက်ခြမ်းတွင် သွပ်မိုး ဖြင့် မိုးထားသော သစ်သားအိမ်ငယ်လေးများ အစီအရီ စုပြုံလျက်ရှိသည်။ အစီအရီ စုပြုံနေသည့် အိမ်ငယ်များအကြား လျှောက်လမ်းမှာ ၂ ပေ ကျော်သာ ကျယ်ဝန်းပြီး တချို့သောလျှောက်လမ်းကြားပေါ်တွင် အညစ်အကြေးမစင်စများ ရှိနေသည်ကို တွေ့ခဲ့ရသည်။ဤသည်မှာ တခြားမဟုတ် မီးရထားဝန်ထမ်းများအတွက်နေထိုင်ရန် နိုင်ငံတော်မှ ပေးအပ်ထားသည့် လိုင်းခန်းလေးများ ဖြစ်သည်။

ဘူတာဝန်ထမ်းများ၏ လိုင်းခန်းလေးများဆီသို့သွားရန် လမ်းသွယ်လေးများရှိပြီး ရထားဘူတာဘက်ခြမ်းရှိ ပလက်ဖောင်း တစ်လျှောက်ကို အဆိုပါလိုင်းခန်းများနှင့် အဖြူရောင်တံတိုင်းတစ်ခုခြားထားသည်။ တစ်ပေခန့်ဟနေသည့် တံတိုင်း၏ နံရံအပေါက်မှဝင်လျင်လည်း ရထားသံလမ်းဝန်ထမ်းများနေထိုင်ရာ လိုင်းခန်းများသို့ ရောက်ရှိနိုင်သည်။ အဆိုပါနေရာရှိလိုင်းခန်းများ၏မူလပုံစံသည် ၁၀ ပေပတ်လည်အကျယ်အဝန်းရှိသည့် အိမ်ငယ်လေးများဖြစ်ကြသည်။

ပြိုလုနီး မိုးနှင့်မြေ

လိုင်းခန်းနေသူဝန်ထမ်းများက ထပ်ခိုးများဖွဲ့ခြင်းနှင့် လိုင်းခန်းရှေ့၊ နောက် နေရာများသို့ အခန်းများတိုးဖွဲ့ထားခြင်းတို့ကြောင့် မိသားစုများအားလုံးနေထိုင်ရန်အကျယ်အဝန်းရရှိလာကြသည်။ လိုင်းခန်းအိမ်များ၏အထဲတွင်သစ်သားကြမ်းခင်းထားပြီး တချို့သောအိမ်များမှာ ကြမ်းခင်းကျွံ၍ မြေကြီးနှင့်ထိစပ်နေသည်များရှိသည်။

"အဲဒီမှာမြေကြီးနဲ့ထိနေတာတွေ့လား။ လိုင်းခန်းက မနေ့ကမှဝယ်တဲ့ကော်ဇော်ခင်းထားတာ ကျွံသွားရော၊ အပေါက်ထဲနင်းမိ လို့"ဟု လိုင်းခန်းတွင်နေထိုင်သူ ဒေါ်ဝင်းမာက ခရမ်းရောင်အကွက်ကြီးကြီးဒီဇိုင်းပုံရှိ ဖယောင်းပုဆိုးအားဖယ်ကာ သစ်သား တစ်ပြားစာ ကျွံနေသည့် ကြမ်းပေါက်ကိုပြသည်။

အသက်၇၀ ဝန်းကျင်ရှိ ဒေါ်ဝင်းမာက မြေးဖြစ်သူ၏ယောကျာင်္းရရှိထားသည့်လိုင်းခန်းသို့ လာရောက်နေထိုင်သည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း ပြောသည်။ မိုးတွင်းကာလ၌လည်း အမိုးမှရေများယိုတတ်၍ ပုံးဖြင့်ခံထားရသည်ဟု ဒေါ်ဝင်းမာက အိမ်ခေါင်မိုးအား လက်ညိုးထိုးပြလျက် ပြောသည်။

၎င်းအိမ်နှင့် ၂ ပေကျော်အကျယ်လျှောက်လမ်းသာခြားသည့် မျက်နှာချင်းဆိုင်အိမ်ရှေ့တွင် ကလေးနှစ်ဦးရေချိုးနေသည်။ အဆိုပါအိမ်တွင် မိသားစု ၅ ယောက်နေထိုင်ကြပြီး မီးရထားဝန်ထမ်းအမျိုးသား၏လစာ တစ်သိန်းနှစ်သောင်းဖြင့်မလောက်ငှ၍ မုန့်လုပ်ရောင်းကာ ဝင်ငွေရှာဖွေနေသည်ဟု အသက်၄၀ ဝန်းကျင်ရှိ အမျိုးသမီးကပြောသည်။

"မိုးကြီးတဲ့အခါကျတော့ရေတွေက အောက်ကိုဝင်တယ်။ ရေဝင်တဲ့အခါကျတော့ အဆင့်တွေကနိမ့်ဝင်သွားပြီး မြေကြီးနဲ့ထိတော့ ကြွက်တွေကလာတယ်၊ လာတဲ့အခါကျမလွယ်ဘူး အစားအသောက်တွေကို အုပ်ထားရတယ်။ ကြွက်ကြီးတွေကအကြီးကြီးတွေ"ဟု ၄င်းအမျိုးသမီးက ပြောသည်။ ကြွက်များကြောင့် အိမ်အထဲရှိကြမ်းပြင်မှာ ပေါက်နေသည်ကို သစ်သားပြားဖြင့်ရိုက်ကာ ဖာထေးထားသည်။

ကျိန်စာသင့်အိမ်သာ

မီးရထားဝန်ထမ်းလိုင်းခန်းများတွင် ဘုံအသုံးပြုရန် အိမ်သာများတွေ့ရသည်။ သို့သော် နှစ်ပေါင်းလေးဆယ်ကျော် အိမ်သာမရှိသေးသည့် လိုင်းခန်းလည်းရှိသည်။ အဆိုပါလိုင်းခန်းတွင် အိမ်လေးလုံးရှိနေသည်။ ငယ်စဉ်ကတည်း အိမ်သာမရှိသည့် အဆိုပါလိုင်းခန်းတွင်နေထိုင်သည့် ဒေါ်လွင်လွင်ဌေးက ရထားလမ်းပေါ်တွင် ကလေးဘဝက အလေးစွန့်ခဲ့ရသည်ဟု ဆိုသည်။

“ကလေးတွေကတော့ရထားလမ်းမှာပေါ့ သူတို့က ကလေးသေးသေးလေးတွေဆိုတော့ မရှက်တတ်ကြဘူးပေါ့။ ကိုယ်တွေလည်းငယ်ငယ်တုန်းကဒီလိုပဲပေါ့ ကြီးလာတဲ့အခါကျတော့ရှက်တာပေါ့။ ကိုယ်တွေက အကြောင်းမဟုတ်ဘူးလေ။ လူကြီးတွေက ပိုအကြောင်းရှိတာပေါ့ မဟုတ်ဘူးလား။ လူကြီးပါတယ်ဆိုတာ အဲဒီဘက်ကျရထားတွေဘာတွေရှိသေးတယ် လေ”ဟု ဒေါ်လွင်လွင်ဌေးက ဆိုသည်။ထိုပြဿနာအတွက် လူကြီးများက ဈေးအိမ်သာများ အခပေးအိမ်သာများတွင် အပေါ့၊ အလေးများစွန့်ဖြေရှင်းကြသည်ဟု ဒေါ်လွင်လွင်ဌေးက ပြောပြသည်။

အိမ်သာတည်ဆောက်ပေးရန်အတွက် အကြိမ်ကြိမ်တင်ပြမှုရှိခဲ့သော်လည်း နှစ်ပေါင်းများစွာကြာမြင့်သည်အထိ လုပ်ဆောင်ပေးခဲ့ခြင်းမရှိကြောင်း ဆိုသည်။ ညအချိန် ရထားသံလမ်းပေါ်တွင် အလေးစွန့်သည့်ကလေးငယ်တချို့မှာ ရထားလာနေသည့်အချိန်နှင့်တိုးကာ သေဆုံးရသည်များရှိကြောင်း ၄င်းကပြောပြသည်။ ဒေါ်လွင်လွင်ဌေး၏ သူငယ်ချင်းဖြစ်သူ အမျိုးသမီးတစ်ဦးက အလေးသွားနေစဉ်ရထားကြောင့် ခြေ၊လက် များဆုံးရှုံးခဲ့ရသည့် တူတစ်ဦးရှိခဲ့သည်ဟု ဖွင့်ဟသည်။

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်သာမရှိသူ ၅၁၇၃၉ အိမ်ထောင်စုရှိသည်ဟု ဖော်ပြထားပြီး ၄င်းတို့ထဲမှ ကြည့်မြင်တိုင်မြို့နယ်ရှိ အိမ်ထောင်စု ၂၆၄ စုသည် အိမ်သာမရှိသည်ကို တွေ့ရသည်။

မျှော်လင့်ချက်

သံလမ်းဝန်ထမ်းများသည် ဇလီဖားတုံးများသယ်ယူရွေ့ပြောင်းခြင်း ၊သံလမ်းပြုပြင်ထိမ်းသိမ်းရေးတို့ကို လုပ်ဆောင်ကြရသည်။ တစ်ခါတစ်ရံ ရထားသံလမ်းကြားလက်ညှပ်ခြင်း၊ ဇလီဖားတုံးဖြင့် လက်၊ ခြေထောက်များအပေါ် ပိမိသည့်အန္တရာယ်လည်းရှိနေသည်။ ထိုမတော်တဆမှုဖြစ်လာပါက လမ်းဗိုလ်လေး၊ လမ်းဗိုလ်ကြီး ဟုခေါ်သည့် ၄င်းတို့လူကြီးများက ဆေးကုသစရိတ်များထုတ်ပေးလေ့ရှိသည်။ နှစ်ပေါင်းများစွာ ထိုကဲ့သို့တာဝန်ထမ်းဆောင်ခဲ့သည့် ရထားသံလမ်းဝန်ထမ်းများသည် မိသားစုထဲမှဝန်ထမ်းတစ်ဦးပင်စင်ယူလျှင် နေထိုင်ရန်နေရာမရှိသည့်အတွက် ကျန်ရှိသည့်မိသားစုဝင်က ဆက်လက်လုပ်ကိုင်ရသည်။ ထိုသို့ဖြင့် ၄င်းတို့နေထိုင်ရန် ထိုနေရာကို ဆွေစဉ်မျိုးဆက်လက် နေထိုင်လုပ်ကိုင်လာကြသည်။

"ပင်စင်ထိုင်သွားပြီးတဲ့လူဆိုတာ ရှိပြီးသားလူတော့မပြောလိုပါဘူး။ မရှိသေးတဲ့လူတွေကို မြေကွက်ကလေးတွေဘာလေးတွေ မိသားစုအားလုံးနေနိုင်ဖို့အခက်အခဲလေးပါ စားရေးအတွက်က ဝမ်းရေးအတွက်က ကိုယ့်ဘာသာကိုယ် တစ်မျိုး တစ်ဖုံ ဖန်တီးပြီးရှာစားလို့ရတယ် ။ အဓိကကလူနေဖို့ပဲ အခက်အခဲဖြစ်တာ"ဟု သံလမ်းအလုပ်သမား ကိုသားစိုးကပြောသည်။ ၄င်းကိုယ်တိုင်ပင် ဖခင်လုပ်ကိုင်ခဲ့သည့်အလုပ်၌ နေစရာရရှိနိုင်ရန် ဆက်လက်လုပ်ကိုင်နေခြင်းဖြစ်သည်။

ဝန်ထမ်းလစာမလောက်ငှ၍ မိသားစုဝင်များက အနီးနားတွင် ဈေးများရောင်းချနေကြသည်။ ဒေါ်ဝင်းမာ၏မိသားမှာ စားဝတ်နေရေးအတွက် ငါးပိကြော်များကို ရထားလမ်းဘေးမြေကွက်လပ်တွင်ကြော်လှော်ကာ ရောင်းချနေသည်။ ရထားလမ်းပိုင်းများအဆင့်မြှင့်တင်လာပါက ပြောင်းရွေ့ရမည်ကို စိုးရိမ်နေသည်။

“ဒီလိုင်းတွေ စုတ်ပြတ်သတ်နေတယ်မလား ကောင်းကောင်းမွန်မွန်ပြင်ပေးစေချင်တယ် ။ ဒီနားကနေမဖယ်ချင်ဘူး ဒီနေရာပဲလုပ်စားကိုင်စားလို့ရတာ ဘာဖြစ်လို့လဲဆိုဒီဝန်ထမ်းလစာနဲ့အဆင်မပြေဘူး”ဟု ဒေါ်ဝင်းမာက ပြောသည်။

ကြည့်မြင်တိုင်မြို့နယ်မှ ရထားဝန်ထမ်းလိုင်းခန်းတချို့တွင် အိမ်သာလိုအပ်ချက်၊ အိမ်ခန်းများပြုပြင်ရန်လိုအပ်ချက်များရှိနေ သည်။ ထိုအခြေအနေများနှင့်ပတ်သတ်၍ မြန်မာ့မီးရထားမှ တာဝန်ရှိသူကို ဖေဖော်ဝါရီ ၂၀ရက်နေ့၌ မေးမြန်းခဲ့ရာ" အားလုံးကတော့ ကျွန်တော်တို့ဘတ်ဂျက်အရပဲ Priority(ဦးစားပေး)အရပဲပြန်ခွဲနေတယ်၊ ကြည့်မြင်တိုင်တင်မဟုတ်ပါဘူး။  အဓိကဆိုးတာက သင်္ယန်းကျွန်းတို့ဘာတို့လည်းဆိုးတယ်။ နောက်အဲဒီမှာမိလ္လာတွေ အိမ်တွေ အဲဒါတွေအကုန်လုံးတော့ ဘတ်ဂျက် အရတော့ ကျွန်တော်တို့သွားနေတာပါ" ဟု မြန်မာ့မီးရထားအောက်မြန်မာပြည်ရုံး၏ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်း က ပြောသည်။

ရန်ကုန်မြို့တွင် ထိုကဲ့သို့ မီးရထားဝန်ထမ်းများ၏ လိုင်းခန်းများကို အင်္ဂလိပ်အစိုးရလက်ထက်ကတည်းက ချထားပေးခဲ့ခြင်းဖြစ်ပြီး အိမ်ခန်းပေါင်း ၅ထောင်ကျော်ရှိနေသည်ဟု မြန်မာ့မီးရထားမှ ဦးဝင်းမြင့်ကဆိုသည်။ ဘူတာများရှိဝန်ထမ်းလိုင်းခန်း အချက်အလက်များ တောင်းခံခဲ့ရာတွင် ထုတ်ပေး၍မရကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

နှစ်ပေါင်းလေးဆယ်ကျော်အိမ်သာမရရှိသည့်လိုင်းခန်းမှ ဒေါ်လွင်လွင်ဌေးက “လိုက်ပြီးတော့ကြည့်နေတာပဲ ၊ လူကြီးတွေလည်း၊ ဒီလိုပဲပြောလို့လည်းမရဘူးလေ မဟုတ်ဘူးလား ။ အိမ်သာပဲကျိန်စာပါလာတာလားမသိပါဘူး”ဟု ဆိုလိုက်သည်။  ။