ကမ္ဘာ့ ရုပ်အဆိုးဆုံး ငါးတွေ အပါအဝင် ရှားပါးငါးမျိုးစိတ်တွေကို သြစတြေးလျကမ်းလွန်မှာ ဖမ်းမိ

ကမ္ဘာ့ ရုပ်အဆိုးဆုံး ငါးတွေ အပါအဝင် ရှားပါးငါးမျိုးစိတ်တွေကို သြစတြေးလျကမ်းလွန်မှာ ဖမ်းမိ

ဖေဖော်ဝါရီ ၂၂ ။            ။ လူတွေ မြင်ရခဲတဲ့ ရှားပါး ငါးမျိုးစိတ်ပေါင်း တစ်ရာကျော်လောက်ကို သြစတြေးလျ ကမ်းလွန် ပင်လယ်ရေအောက် ချောက်နက်တစ်ခုကနေ ဆွဲယူဖမ်းမိခဲ့တယ်လို့ သုတေသီတွေက ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ စူးစမ်းလေ့လာရေးခရီးစဉ်တစ်ခုအတွင်းမှာ အဆိုပါ ရှားပါး ငါးမျိုးစိတ်တွေကို ဖမ်းမိခဲ့တာဖြစ်ပြီး ထူးခြားချက်အနေနဲ့ ကမ္ဘာ့ ရုပ်အဆိုးဆုံး အကျည်းတန်ဆုံး တိရိစ္ဆာန်အဖြစ် သတ်မှတ်ခံထားရတဲ့ ငါးတွေလည်း ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သိပ္ပံပညာရှင်တွေကတော့ ယမန်နှစ်ကတည်းက နိုင်ငံအရှေ့ခြမ်း ပင်လယ်ပြင် ရေအောက်မှာ စူးစမ်းလေ့လာမှုတွေ ဆောင်ရွက်နေခဲ့တာဖြစ်ပြီး ပိုက်ကွန်တွေ၊ ဆိုနာ နဲ့ ရေနက်ပိုင်း စောင့်ကြည့် ကင်မရာတွေကို အသုံးပြုကာ လုပ်ငန်းဆောင်ရွက်နေခဲ့ကြတာဖြစ်ပါတယ်။

ယခု တစ်ကြိမ် ဖမ်းမိခဲ့တဲ့ ငါးမျိုးစိတ်တွေထဲမှာတော့ တွေ့ရခဲလှတဲ့ ငါးတွေနဲ့ ကျောရိုးမဲ့ တိရိစ္ဆာန်ပေါင်း ၄၂,၀၀၀ ကျော် ပါဝင်ခဲ့ပြီး ယင်းတို့အနက်က တစ်ချို့ကတော့ မျိုးစိတ်အသစ်တွေတောင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ယခုအခါမှာတော့ သိပ္ပံပညာရှင်တွေက ယင်းတို့ကို Hobart မြို့ထိ သယ်လာပြီး အနီးကပ် စူးစမ်းလေ့လာဖော်ထုတ်နေပြီ ဖြစ်ပါတယ်။

အဆိုပါ ငါးမျိုးစိတ်တွေနဲ့ ကျောရိုးမဲ့ တိရိစ္ဆာန်တွေထဲမှာတော့ ထူးထူးခြားခြား ကမ္ဘာ့ ရုပ်အဆိုးဆုံး ငါးတွေလည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ယင်းတို့ထဲမှာတော့ Mr Blobby ဆိုတဲ့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ကမ္ဘာ့ရုပ်အဆိုးဆုံး တိရိစ္ဆာန်အဖြစ် မဲပေးသတ်မှတ်ခံထားရတဲ့ ငါးရဲ့ မျိုးနွယ်တူ ဆွေမျိုးတွေ ပါဝင်လာနေခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly