နိုင်ဂျီးရီးယား၌ ဘိုကိုဟာရမ်တို့၏ တိုက်ခိုက်မှုအတွင်း ကျောင်းသူ ၁၀၀ ကျော်ခန့်ပျောက်ဆုံး

နိုင်ဂျီးရီးယား၌ ဘိုကိုဟာရမ်တို့၏ တိုက်ခိုက်မှုအတွင်း ကျောင်းသူ ၁၀၀ ကျော်ခန့်ပျောက်ဆုံး

ဒါမာတူရု၊ နိုင်ဂျီးရီးယား၊ ဖေဖေါ်ဝါရီ ၂၂ ။              ။ နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းရှိ ကျောင်းတစ်ကျောင်းသို့ ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့က နှစ်ရက်ခန့် စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ကျောင်းသူပေါင်း ၁၀၀ ကျော်ခန့် ပျောက်ဆုံးခဲ့သည့်အတွက် ကမ္ဘာကြီးကိုတုန်လှုပ်ခြောက်ခြားစေခဲ့သော ၂၀၁၄ ခုနှစ် ချီဘော့ခ်ပြန်ပေးဆွဲမှုဖြစ်စဉ်အတိုင်း ထပ်မံဖြစ်ပွား မည်ကို နိုင်ဂျီးရီးယားပြည်သူများက စိုးရွံ့လျက်ရှိသည်။

 အစ္စလာမ်မစ်စစ်သွေးကြွများဖြစ်ကြသည့် ဘိုကိုဟာရမ်အဖွဲ့သည် နိုင်ဂျီးရီးယားနိုင်ငံ ယိုဘီပြည်နယ်ရှိ ဒတ်ပ်ချီ မြို့မှ မိန်းကလေးများသာတက်ရောက်သည့် အစိုးရသိပ္ပံကျောင်းကို တနင်္လာနေ့ညနေကတည်းက ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး မိန်းကလေးများနှင့် သူတို့၏ဆရာ၊ဆရာမများ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများက ကနဦးက ပြောခဲ့သည်။

သို့သော်လည်း ထွက်ပြေးလွတ်မြောက်လာသော မိန်းကလေးတစ်ဦးက ဘိုကိုဟာရမ်တပ်သားများသည် မိန်းကလေးများကို ခေါ်ဆောင်သွားခဲ့သည်ဟု ပြောဆိုခဲ့သည့်အတွက် ကျောင်းသူလေးများ၏ အခြေအနေနှင့် ပက်သက်၍ ပြည်သူများ၏ စိုးရိမ်မှုမှာ မြင့်တက်လာခဲ့သည်။

“အကြမ်းဖက်သမားတွေဟာ ကျောင်းသူလေးတွေကို ခေါ်ဆောင်သွားခဲ့တယ်လို့ ပြောဆိုနိုင်တဲ့ အကြောင်းရင်း တွေ ကျမတို့မှာရှိပါတယ်” ဟု နေအိမ်သို့ပြန်ပြေးလာခဲ့သော အသက် ၁၆ နှစ်အရွယ်ရှိ ကျောင်းသူလေး အိုက်ရှာယူဆက်ဖ်အက်ဘ်ဒူလာဟီက ပြောခဲ့သည်။

စိုးရိမ်နေကြသော မိဘများနှင့်အုပ်ထိန်းသူများသည် ဗုဒ္ဓဟူးနေ့တွင် အဆိုပါကျောင်းသို့ တစ်စုတစ်ဝေးရောက်ရှိ လာခဲ့ပြီး ပျောက်ဆုံးသွားခဲ့သည့် ကျောင်းသူလေးများနှင့်ပက်သက်၍ တိတိကျကျအဖြေပေးရန် တောင်းဆိုနေ ခဲ့ကြသည်။

ယိုဘီပြည်နယ်အုပ်ချုပ်ရေးမှူး အီဘရာဟမ်ဂိုင်ဒမ်က ကျောင်းသူလေး ၅၀ ကျော်ခန့် ထူးထူးခြားခြားပျောက်ဆုံး နေသည်ဟု ပြောခဲ့ပြီး ပြည်နယ်ရဲမှူးကြီးကမူ ကျောင်းသူပေါင်း ၁၁၁ဦးခန့် ပျောက်ဆုံးခဲ့သည်ဟု ဆိုခဲ့သည်။

“ကျောင်းသူပေါင်း ၉၂၆ ဦးရှိတဲ့အထဲကမှ ကျောင်းသူ ၈၁၅ ဦး ကျောင်းကိုပြန်ရောက်လာပါတယ်။ ကျန်တဲ့သူ တွေတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။” ဟု ရဲမှူးကြီး အက်ဘ်ဒူမာလီကီ ဆမ်မိုနူက သတင်းထောက်များကို ပြောခဲ့သည်။

ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့သည် လွန်ခဲ့သော ၂၀၁၄ ခုနှစ် ဧပြီလက ချီဘော့ခ်မြို့မှ မိန်းကလေးငယ် ၂၇၆ ဦး ခန့်ကို ပြန်ပေးဆွဲခဲ့ပြီး ကမ္ဘာကြီးကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။

ထိုသို့ပြန်ပေးဆွဲခံခဲ့ရသော မိန်းကလေးငယ်များထဲမှ ၅၇ ဦးမှာ ချက်ချင်းပြန်လည် လွတ်မြောက်လာခဲ့ပြီး ပြီးခဲ့သောနှစ် မေလက အစိုးရနှင့်သဘောတူညီမှုကြောင့် မိန်းကလေး ၁၀၇ ဦးခန့်ကို ပြန်လွှတ်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly