မတူကွဲပြားသော်လည်း ငြိမ်းချမ်းကြသည်

မတူကွဲပြားသော်လည်း ငြိမ်းချမ်းကြသည်

မနက်ခင်းအလင်းရောင်ထွက်သည်နှင့်  ပူတာအိုမြို့မဈေးလေးမှာ ဈေးဝယ်သူများနှင့် အသက်ဝင်လှုပ်ရှား စည်ကားလာသည်။ ဒေသထွက် အသား၊ငါး၊အသီးအနှံ၊ အဝတ်အထည်တွေနှင့် စုံလင်လျှက်ရှိသည့် အဆိုပါဈေးလေးတွင် တစ်ပုံချင်းစီ ပုံရောင်းသည့် ဖက်ဖယ်ရွက် မြင်းခွာရွက်စသည့် အသီအနှံလေးများမှအစ ပူတာအိုဒေသမှသာ ထွက်ရှိသည့် တန်ဖိုးကြီးသည့် ဆေးမြစ်ဆေးဥများကိုလည်း ရောင်းချနေသည်ကိုတွေ့ရသည်။ အရောင်အသွေးစုံလင်လှသည့် ဈေးဝယ်သူအများစုမှာ ဒေသနေ ရဝမ်၊ လီဆူ၊ ခန္တီးရှမ်းနှင့် ဂျိမ်းဖော့ တိုင်းရင်းသားများဖြစ်ကြပြီး နှစ်ပေါင်းများစွာ ဒီဒေသ၊ ဒီပတ်ဝန်းကျင် နောက်ဆုံး ဒီဈေးလေးထဲမှာ သူတို့တွေ အေးအေးချမ်းချမ်းပင် ဘဝကို ဖြတ်သန်းကြသည်။

ပူတာအိုမြို့မဈေးတွင်းတစ်နေရာ

ပူတာအို ဒေသသည် ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများ ဖြစ်ပွားနေသော အခြားဒေသများနှင့် နှိုင်းစာလျှင် အေးငြိမ်းမှု ရှိသည်။နှစ်ပေါင်းများစွာကာလအတွင်း အတူနေတိုင်းရင်းသားများအကြား ပွတ်တိုက်မှုအနည်းကျဉ်းရှိသော်လည်း သူတို့အကြမ်းဖက် ဖြေရှင်းမှုကို မသုံးမပြုကြ။

ပူတာအိုမြို့၏မြောက်ဘက် တွင်တည်ရှိသည့် ပမ္မတီးကျေးရွာအုပ်စု၊ မလိခေါမ်ရွာတွင်နေထိုင်သည့်  ဦးမဘုရင်ရမ် သည် ယခင်က ကျေးရွာပေါင်း ၁၄ ရွာပါဝင်သည့် ပမ္မတီးကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သည်။ ကျေးရွာအုပ်စုအတွင်းရှိသည့် လီဆူ၊ရဝမ်၊ခန္တီးရှမ်းနှင့် ဂျိန်းဖော့ရွာများသည် အေးအေးချမ်းချမ်းပင်နေထိုင်ကြသည်။

 “ရဝမ် လီဆူ ဂျိန်းဖော့နဲ့ ခန္တီးရှမ်းတွေဆိုတာဟာ ရှေးခေတ်အဆက်ဆက်လည်း ဒီလိုပဲ လက်တွဲပြီးနေလာတာ အခုလည်း ဒီပုံစံနဲ့ ပဲနေနေတယ် နောက်လည်းကျွန်တော်တို့က ဒီပုံစံနဲ့ပဲ လက်တွဲပြီးတော့ နေရမယ် ကျွန်တော်တို့ကတော့ ဒီလိုပဲခံယူတယ်” ဟု ဦးမဘုရင်ရမ် ကဆိုသည်။

၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ပြီး အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ အကြားတိုက်ပွဲများက ကချင်ပြည်နယ်အနှံအပြားတွင် ပြန်လည်ဖြစ်ပေါ်ခဲ့သော်လည်း ပူတာအိုဒေသတွင်တော့ အေးချမ်းခဲ့သည်။

ရှေးယခင်ကတည်းကတည်ရှိခဲ့သောငြိမ်းချမ်းမှုကို ဒေသခံတိုင်းရင်းသားများက ဆက်လက်ထိန်းသိမ်းထားပြီး စစ်ပွဲများ နှင့် လူမျိုးရေး၊ဘာသာရေး မတူကွဲပြားမှုများက ပူတာအိုဒေသ၏ အေးချမ်းမှုကို မဖျက်ဆီးနိုင်ပေ။

ငြိမ်းချမ်းခြင်း၏အကြောင်းအရင်း

ပူတာအိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၇ ဒီဇင်ဘာလ နောက်ဆုံးရစာရင်းများအရ ပူတာအိုမြို့နယ်တွင် လူဦးရေပေါင်း ၆၀၀၀၀ ကျော်ရှိပြီး လီဆူ၊ ရဝမ်၊ ဂျိန်းဖော့ နှင့် ခန္တီးရှမ်းတို့က အဓိက နေထိုင်ကြပြီး ဗမာ၊ကယား၊ကရင်၊ချင်း၊ရခိုင်၊နာဂ၊ကိုးကန့် နှင့် ဓနုတိုင်းရင်းသားများလည်း အနည်းအကျဉ်းရှိသည်ဟုသိရသည်။ တိုင်းရင်းသားအများစုမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး ခန္တီးရှမ်း၊ ဗမာ အစရှိသည့် တိုင်းရင်းသားအချို့သာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။

ပူတာအိုဒေသ ငြိမ်းချမ်းနေရခြင်းမှာ တိုက်ပွဲများမရှိခြင်းကလည်း အဓိက အကြောင်းအရင်းတစ်ခု ဖြစ်မည်ဟုသုံးသပ်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာပေါင်းစပ်ညှိနိုင်းရေးအဖွဲ့(ဗဟိုကော်မတီဝင်၊ ကချင်ပြည်နယ်တာဝန်ခံ) တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူ ကပြောသည်။

ပူတာအိုဒေသအနီးတဝိုက်တွင် လက်နက်ကိုင်အဖွဲ့အစည်းများရှိနေသော်လည်း နယ်မြေအခြေအနေ လမ်းပန်းဆက်သွယ်ရေးအနေအထားအရ တိုက်ပွဲဖြစ်ပွားမှုနည်းပါးခြင်းဖြစ်သည်ဟု ဒေါ်ဒွဲဘူ ကဆိုသည်။

ပူတာအိုမြို့တွင်ကျင်းပသော လီဆူရိုးရာ(ခေါ့ရှီ)နှစ်သစ်ကူးပွဲတော်သို့တက်ရောက်လာသောလီဆူဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတချို့

၁၉၆၀ ခုနှစ်ဝန်းကျင်ကတည်းကဖြစ်ပွာခဲ့သော အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တို့အကြား တိုက်ပွဲများသည် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် ကချင်ပြည်နယ်သည် ယာယီအားဖြင့် ငြိမ်းချမ်းခဲ့သည်။

ထို့နောက် ၁၉၉၄ မှ ၂၀၁၁ ခုနှစ်အထိ ၁၇ နှစ်ကျော်ကြာအောင် ငြိမ်းချမ်းခဲ့သော ကချင်ပြည်နယ်သည် တကျော့ပြန်တိုက်ပွဲများနှင့်အတူ ပြန်လည်ဆူပွက်လာခဲ့သည်။ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သလို တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များလည်း အများအပြားရှိနေခဲ့သည်။ သို့သော်လည်း ပူတာအိုဒေသကတော့ အဆိုပါဘေးဒုက္ခတွေက ကင်းလွတ်ခဲ့သည် ဟု ဆိုရမည် ဖြစ်သည်။

၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်းမှာ ပူတာအိုခရိုင်အတွင်း အစိုးရတပ်မတော်နှင့် KIA တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံအချို့လည်း တိမ်းရှောင်ခဲ့ရသည်။ နောက်ပိုင်းနှစ်များတွင်တော့ တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားခဲ့ခြင်းမရှိပေ။

လမ်းပန်းဆက်သွယ်မှုခက်ခဲခြင်းနှင့် အဖိုးတန် သယံဇာတများထွက်ရှိမှုနည်းပါးခြင်းကလည်း ပူတာအိုဒေသ ငြိမ်းချမ်းရခြင်း၏ အကြောင်းအရင်းများထဲတွင်ပါဝင်သည်ဟု ကချင်ပြည်နယ် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်က ပြောသည်။

“ဒီမှာ ရတနာတွေ စီးပွားရေးဇုန်နယ်မြေတွေလည်းမရှိတဲ့အခါကျတော့ အမျိုးမျိုးရှုပ်ထွေးမှုလည်းမရှိဘူးပေါ့။ အဲဒီလို အစစအရာရာက ကျွန်တော်တို့ရဲ့ တိုင်းရင်းသားဒေသကို ပံ့ပိုးသလိုဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ အခုထက်ထိ ငြိမ်းချမ်းစွာနဲ့နေနိုင်တာဖြစ်တယ်” ဟု ၎င်းကပြောသည်။

ဒေသထွက် အသီးအရွက်များကို ထိုသို့ရောင်းချကြသည်

တိုင်းရင်းသားအချင်းချင်း အမုန်းစကားနှင့် ပုတ်ခတ်ပြောဆိုမှုများမပြုလုပ်ခြင်း ကိုယ်ကျိုးရှာနိုင်ငံရေးသမားများမရှိခြင်းနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား ဘက်လိုက်မှုမရှိဘဲကြားနေခြင်းများကလည်း ငြိမ်းချမ်းမှု၏ အကြောင်းအရင်းများဖြစ်သည်ဟု ဦးအားတီယောဟန် ကသုံးသပ်သည်။

“တစ်ဖက်နဲ့တစ်ဖက်ကလည်း သဟာဇာတဖြစ်အောင်ကြိုးစားနေလို့လို့ခံယူပါတယ်။ တိုင်းရင်းသားတွေကလည်း အဖက်ဖက်ကကြားထဲမှာနေရတဲ့အခါကျတော့ ဘယ်ဖက်ကိုမှ ပုတ်ခတ်တာမရှိဘူး။ ကြားထဲမှာပဲနေနေတဲ့အခါကြတော့ ဒါတွေမဖြစ်ဘူး” ဟု ၎င်းကပြောသည်။

သယံဇာတထွက်ရှိမှုနည်းပါးသော်လည်း ဒေသခံအများစုမှာ တောင်ယာစိုက်ပျိုးခြင်း၊ အမဲလိုက်ခြင်း၊ ဒေသထွက် ရှီးပဒီး၊ မချစ်ဥ အစရှိသည့် ဆေးမြစ်များကို တူးဖေါ်ရောင်းချခြင်း စသည့်အလုပ်အကိုင်များကိုသာ အေးချမ်းစွာလုပ်ကိုင်လျှက်ရှိသည်။ လူငယ်၊လူရွယ်အချို့ကတော့ ဒေသပြင်ပထွက်ခွာကာ အလုပ်လုပ်ကိုင်ကြသည်။

အငြင်းပွားမှုအချို့ကို ငြိမ်းချမ်းစွာဖြေရှင်း

၂၀၁၄ သန်းခေါင်စာရင်းအရ ပူတာအို ခရိုင်တစ်ခုလုံးတွင် လူဦးရေ ၉၀၀၀၀ ကျော်ရှိပြီး ၆၀ ရာခိုင်နူန်းကျော်မှာ ပူတာအိုမြို့နယ်တွင်နေထိုင်ကြသည်။

ပူတာအိုမြို့၏ အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ၌ ပေပေါင်း ရာချီ မြင့်မားပြီး ဧက ၂၀၀ ဝန်းကျင်ရှိသည့် ခန္တီးရှမ်းအခေါ် နွယ်စေနမ်၊ ရဝမ်အခေါ် ဇီနမ် ဟုခေါ်သည့်တောင်တစ်လုံးရှိသည်။ ၎င်းတောင်သည် ပူတာအိုမြို့နယ်နှင့် မချမ်းဘော မြို့နယ်အကြား မလိခမြစ်၏အနောက်ဘက်တွင်တည်ရှိပြီး သစ်ရိပ်ဝါးရိပ်များနှင့် အုံ့မှိုင်းနေသောတောင်တစ်လုံးဖြစ်သည်။

တိုင်းရင်းသားများအကြား မည်သို့ပင်ငြိမ်းချမ်းစွာနေထိုင်နေကြသည်ဖြစ်စေ အနည်းနှင့် အများတော့ ပွတ်တိုက်မှုလေးတွေရှိနေကြသည်။ အဆိုပါတောင်က အငြင်းပွားစရာတစ်ခုအဖြစ် ဒေသခံတိုင်းရင်းသားများအကြားတွင်ရှိနေသော်လည်း အငြင်းပွားမှုတွင် ပါဝင်သည့် ခန္တီးရှမ်းမျိုးနွယ်စုများနှင့် ရဝမ်၊ လီဆူ မျိုးနွယ်စုများအကြားတွင်တော့ ငြိမ်းချမ်းစွာဖြေရှင်းလျှက်ရှိသည်။

အဆိုပါတောင်သည် ရဝမ်၊လီဆူ၊ခန္တီးရှမ်းနှင့် ဂျိန်းဖော့ တိုင်းရင်းသားရွာပေါင်း ၁၄ ရွာရှိသည့် ပမ္မတီးကျေးရွာအုပ်စုအတွင်းတည်ရှိနေခြင်းဖြစ်ပြီး ဆယ်စုနှစ်တစ်ခုအကြာဖြစ်ပွာခဲ့သောအငြင်းပွားမှုက ဒေသခံတိုင်းရင်းသားများအကြားက ချစ်ကြည်ရင်းနှီးမှုကိုတော့ မဖျက်ဆီးနိုင်တာကို သတင်းထောက်ကိုယ်တိုင် လေ့လာ မေးမြန်းထားမှုများအရ သိရသည်။

တောင်ပေါ်တွင် စေတီတည်ထားကိုးကွယ်ပြီး ခနီး္တရှမ်းတိုင်းရင်းသားတို့အတွက် သမိုင်းအစဉ်အလာအရအရေးကြီးသည့်တောင်ဖြစ်သည့် အတွက် ဘေးမဲ့တောအဖြစ်ထိန်းသိမ်းစောင့်ရှောက်လိုခြင်းဖြစ်ပြီး အငြင်းပွားမှုများကြောင့်တော့ နှစ်ဖက်ကူးလူးဆက်ဆံခြင်းများက လျော့ပါးသွားခြင်းမရှိဟု ခန္တီးရှမ်း စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ နာယက ဦးစောဝင်းခွန်ကပြောသည်။

“ကျွန်တော်တို့လည်း သူတို့ရွာတွေဘာတွေကိုသွားလည်တာပဲ။ သူတို့လည်း ဒီလိုပဲ အားလုံးက အေးအေးဆေးဆေးပါပဲ” ဟု ဦးစောဝင်းခွန် ကဆိုသည်။

တောင် ၏ အနီးအနားတွင်ရှိသည့် ကျေးရွာများအနေဖြင့် တောင်မှ ထွက်ရှိသည့် ဌက်ပျော၊ဝါး၊ သစ်၊ ကြိမ် အစရှိသည်တို့ကို မှီခိုနေရသည့်အတွက် အဆိုပါတောင်ကို ဘေးမဲ့တောအဖြစ်ခွင့်မပြုလိုခြင်းဖြစ်ပြီး ကျန်သည့် မုန်းတီးမှုများမပါဝင်ကြောင်း အဆိုပါတောင်၏ အနီးဆုံးတွင်ရှိသည့် မလိခေါမ်ရွာမှ ဦးမဘုရင်ရမ်ကပြောသည်။

ပမ္မတီးကျေးရွာအုပ်စုအတွင်း နွယ်စေနမ်(ခေါ်)ဇီနမ်တောင်အပြင် ကော့နောင်ဟု အမည်ရသည့် တောင်တစ်လုံးပါရှိနေသေးသည်။ တောင်နှစ်လုံးအားထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဒေသခံများက တောင်ထိန်းသိမ်းရေးကော်မတီကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းထားပြီး နွယ်စေနမ်(ခေါ်)ဇီနမ်တောင်ထိန်းသိမ်းရေးကော်မတီတွင် ကျေးရွာပေါင်း ၇ ရွာပါဝင်ကာ ကော်မတီဥက္ကဌအနေဖြင့် မလိခေါမ်ရွာတွင်နေထိုင်သည့် ဦးအမ်ဒီးတန် ကတာဝန်ယူထားသည်။

ဦးအမ်ဒီးတန်က “ကျွန်တော်တို့က သူငယ်ချင်းတွေပါပဲ လုပ်ငန်းသဘောအရသာပြောနေကြတာ ကျန်တာဘာမှမဖြစ်ကြဘူး ပုံမှန်ပါပဲ”ဟုဆိုသည်။

“ဝင်းလုံရွာ(ခန္တီးရှမ်းရွာ)နဲ့လည်း ပုံမှန်အဆက်အသွယ်ရှိတယ် ကူးလူးသွားလာနေကြတာပဲ။ ရှမ်းရွာရဲ့ အနီးအနားမှာ လီဆူတို့ ဂျိန်းဖော့ရွာတို့ရှိတယ်။ အားလုံးက ရင်းရင်းနှီးနှီးပါပဲ ဘာမှပြောစရာမရှိဘူး” ဟု ၎င်းက ဆက်ပြောသည်။

ပူတာအိုဒေသအတွင်းရှေးအစဉ်အဆက်နေထိုင်လာခဲ့ကြသည့် တိုင်းရင်းသားများအထဲတွင် ရဝမ်လူမျိုးများလည်းအပါအဝင်ဖြစ်ပြီး ရဝမ်တိုင်းရင်းသားများအနေဖြင့် အတူယှဉ်တွဲနေထိုင်သည့် အခြားတိုင်းရင်းသားများအပေါ် ညီရင်းအကိုသဖွယ်သဘောထားသောကြောင့် ပြဿနာကြီးကြီးမားမားမရှိနိုင်ကြောင်း ပူတာအိုမြို့နယ် ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဌ ဦးမယစ်ယောရှု ကပြောသည်

၂၀၁၆ ခုနှစ်၊ သြဂုတ် ၃၁ မှ စက်တင်ဘာ ၃ အထိ နေပြည်တော်တွင် ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တွင် လီဆူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ က ပူတာအို၊ မချမ်းဘော၊ ဆော့လော်၊ ခေါင်လန်ဖူး နဲ့ ချီဖွေ မြို့နယ်များကို လီဆူ အထူးကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသ အဖြစ် အသီးသီး တောင်ဆိုခဲ့ကြသည်။ ထိုသို့တောင်းဆိုမှုကိုကန့်ကွက်ကြောင်း ရဝမ်အပါအဝင် အခြားတိုင်းရင်းသားများစုပေါင်းပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။

“သူတို့နဲ့ကျွန်တော်တို့နဲ့က ပြဿနာဖြစ်တာမဟုတ်ပါဘူး ဒီမိုကရေစီနည်းအရ ကျွန်တော်တို့မလိုလားတာကို ဆန္ဒထုတ်ဖေါ်တာပါ။ သူတို့နဲ့ကလည်း ညီအကိုတွေပါပဲ အခုလည်း အေးအေးချမ်းချမ်းပါပဲ” ဟု ဦးမယစ်ယောရှု ကဆိုသည်။

ဇန်နဝါရီ လဆန်းပိုင်းက လီဆူရိုးရာ(ခေါ့ရှိ)နှစ်သစ်ကူးပွဲတော်ကို ပူတာအိုမြို့နယ်တွင်ခြိမ့်ခြိမ့်သဲသဲကျင်းပခဲ့ပြီး လီဆူတိုင်းရင်းသားများသာမက အခြားတိုင်းရင်းသားများလည်း ဝင်ရောက်ဆင်နွှဲနေကြသည်ကိုတွေ့ရသည်။

လီဆူရိုးရာပွဲပင်ဖြစ်သော်ငြား ဒေသတွင်းနေ အခြားတိုင်းရင်းသားများပါ ဝင်ရောက်ဆင်နွဲနေခြင်းက ပူတာအိုမြို့နယ် အေးချမ်းမှု၏ ပုံရိပ်တစ်ခု၊ ပြယုဂ် တစ်ခုဖြစ်သည်။

“ လီဆူပဲဖြစ်ဖြစ် ရှမ်းပဲဖြစ်ဖြစ် ဂျိန်းဖော့ပဲဖြစ်ဖြစ် အားလုံးက အမိမြန်မာနိုင်ငံရဲ့ ညီအကိုမောင်နှမတွေပဲ တစ်ဦးရဲ့ ယဉ်ကျေးမှုကို တစ်ဦးက လေးစားကြပါတယ်” ဟု လီဆူရိုးရာ နှစ်သစ်ကူးပွဲနှင့် ပတ်သက်ပြီး ဦးမယစ်ယောရှု ကပြောသည်။

ပူတာအိုမြို့မှဈေးမှ ဈေးဝယ်သူတချို့

တိုင်းရင်းသားရိုးရာပွဲများကျင်းပခြင်းဖြင့် ဒေသတွင်းနေထိုင်သည့် တိုင်းရင်းသားမျိုးနွယ်စုများအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိနိုင်သည်ဟု လီဆူတိုင်းရင်းသားရေးရာဝန်ကြီးကပြောသည်။

ငြိမ်းချမ်းမှုကို ဆက်လက်ထိန်းသိမ်းလို

ဒေသတွင်းမျိုးနွယ်စုများအကြား ယဉ်ကျေးမှု၊ ဘာသာရေး စသည့်ကွဲပြားမှုများအကြား တစ်ဦးနှင့် တစ်ဦး အပြန်အလှန်လေးစားမှုဖြင့် နေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာကြာမြင့်လာခဲ့သည်။ အငြင်းပွားမှု အနည်းအကျဉ်းရှိနေသော်လည်း ဒေသခံများအကြား တစ်ဦးနှင့် တစ်ဦးအမုန်းစကားမဆိုဘဲ လေးစားနားလည်မှုဖြင့် ဖြေရှင်းကြခြင်းက ငြိမ်းချမ်းမှု၏ သင်္ကေတဖြစ်နေသည်။

ပူတာအိုမြို့အတွင်း ဒေသထွက်လက်ဆောင်ပစ္စည်းများရောင်းချသည့်ဆိုင်၊ ဒေသထွက်အစားအစာဆိုင်များ၊ အလှပြင်ဆိုင်၊ ကုန်စုံဆိုင် စသဖြင့် တွေ့ရှိရပြီး အရက်ဘီယာဆိုင်များကို အနည်းအကျဉ်းသာတွေ့ရသည်။ ည ၈ နာရီဝန်းကျင်တွင် တိတ်ဆိတ်သွားတတ်သည့် ထိုမြို့လေးတွင် ဒုစရိုက်မှုများလည်း နည်းပါးသည်ဟု ဒေသခံများက ပြောသည်။

၂၀၁၄ ခုနှစ်မှစတင်ကာ ဖွဲ့စည်းခဲ့သည့် နမ်ရှနီ ဒေသအခြေပြုလူမှုအဖွဲ့အစည်းသည် မဲဆန္ဒပညာပေးလုပ်ငန်းများ၊ လယ်ယာမြေ၊လူ့အခွင့်အရေး စသည့်ပညာပေးလုပ်ငန်းများကို ပူတာအို ခရိုင်အတွင်းလုပ်ကိုင်လျှက်ရှိသည်။ ပညာပေးလုပ်ငန်းများလုပ်ကိုင်ရာတွင်လည်း ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းအချို့နှင့် လက်တွဲကာ လုပ်ဆောင်မှုများရှိကြောင်း အဆိုပါအဖွဲ့၏ တာဝန်ခံ ဦးမင်ဆိုင်းကပြောသည်။

ပူတာအိုမြို့အဝင်ဆိုင်းဘုတ်

ပူတာအိုဒေသအတွင်း ဗုဒ္ဓဘာသာကိုးကွယ်သည့် တိုင်းခမ်းတီ(ခေါ်)ခန္တီးရှမ်းတိုင်းရင်းသားတို့၏ ရွာပေါင်း ၁၈ ရွာခန့်ရှိနေပြီး အခြားဒေသခံတိုင်းရင်းသားများနှင့် အေးအတူပူအမျှပင်   နေထိုင်လျှက်ရှိသည်။ ဒေသခံများအကြား ဘာသာရေးနှင့်ပတ်သက်ပြီးလည်း အပြန်အလှန်လေးစားမှုထားရှိကြသည်ဟု ခမ်းတီးလုန်သာသနနုဂ္ဂဟအဖွဲ့၏ဒုတိယဥက္ကဌ၊ ကောင်းမှုလုံစေတီတော်၏ နာယကလည်းဖြစ်သည့် ဦးစောဝင်းခွန် ကပြောသည်။

 “အရင့်အရင် ဘိုးဘွားစဉ်ဆက်ကတည်းက အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်နေထိုင်လာခဲ့ကြတာ တစ်မြေတည်းနေ တစ်ရေတည်းသောက်တဲ့ ညီအကို စိတ်ဓါတ်မျိုးပဲကျွန်တော်တို့မှာရှိပါတယ်” ဟု ဦးစောဝင်းခွန်က ဆိုသည်။

အေးချမ်းတည်ငြိမ်သည့် ဒေသအဖြစ် ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် တစ်ဦးပေါ် တစ်ဦး အပြန်အလှန် သံသယ မထားဘဲ လေးစားမှုနှင့် ဆက်ဆံခြင်းသည် အဓိက လိုအပ်ချက် ဖြစ်သည်ဟု ပူတာအိုတွင် တွေ့ဆုံ မေးမြန်းခဲ့ရသည့် ဒေသခံ အများစုက ဖြေကြသည်။  

အငြင်းပွားမှုအနည်းအကျဉ်းရှိနေသော်လည်း ပူတာအိုဒေသသည်  ငြိမ်းချမ်းမှုများနှင့် ခရီးဆက်လျှက်ရှိသည်။ ဒီအခြေအနေကို ဆက်လက်ထိန်းသိမ်းသွားဖို့လိုသည်ဟု ဦးမဘုရင်ရမ် ကပြောသည်။

“ကျွန်တော်တို့ရဲ့ သဘောထားက ဘာပဲဖြစ်ဖြစ် ညီအကို မောင်နှမ အရင်းတွေလိုပဲ ဆက်လက်ပြီးနေသွားရမယ်” ဟု ဦးမဘုရင်ရမ် ကပြောသည်။

ငြိမ်းချမ်းမှုကို ထိန်းသိမ်းထားရာတွင် တိုင်းရင်းသားတစ်မျိုးတည်းကြောင့် မဟုတ်ဘဲ ဒေသနေတိုင်းရင်းသားအားလုံးက စည်းစည်းလုံးလုံးရှိနေခြင်းကြောင့် ဖြစ်ကြောင်း ဦးမယစ်ယောရှု ကပြောသည်။

“ဆက်လက်ပြီးမှလည်း ငြိမ်းချမ်းတဲ့ဒေသဖြစ်စေချင်တယ်။ ငြိမ်းချမ်းမှုကို လူမျိုးစုတစ်စုတည်းကမဟုတ်ဘဲ အားလုံးက ပူးပေါင်းပြီးတော့မှ အဖြူရောင်နယ်မြေအဖြစ်ဆက်လက် ထိန်းသိမ်းသွားစေချင်တယ်” ဟု ဦးမယစ်ယောရှု ကသူ့ဆန္ဒကို ဖွင့်ဟသည်။

Mizzima Weekly