ပေါ့ဂ်ဘာ၏ အားထုတ်ကြိုးပမ်းမှုကို မော်ရင်ဟိုကျေနပ်

ပေါ့ဂ်ဘာ၏ အားထုတ်ကြိုးပမ်းမှုကို မော်ရင်ဟိုကျေနပ်

ဖေဖော်ဝါရီ ၂၂၊ ဆီဗီး။           ။ ဆီဗီလာနှင့် ဂိုးမရှိသရေကျသည့် ချန်ပီယံလိဂ်ပွဲတွင် ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံရသော်လည်း လူစားဝင်ချိန်၌ ပေါ့ဂ်ဘာ၏ အားထုတ်မှုနှင့်ပတ်သက်ပြီး ကျေနပ်သည်ဟု မန်ယူနိုက်တက်နည်းပြမော်ရင်ဟိုက ပြောသည်။

ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ဟိုနှင့်ဆက်ဆံရေးနှင့်ပတ်သက်ပြီးလူပြောများနေသည့် ပေါ့ဂ်ဘာသည် နောက်ဆုံးလေးပွဲတွင် သုံးပွဲ မြောက်အဖြစ် ပွဲထွက်လူစာရင်းမှချန်လှပ်ခံရခြင်းဖြစ်ပြီး ဆီဗီလာနှင့်ပွဲတွင် ဒဏ်ရာရသွားသည့် ဟာရဲရားနေရာ၌ လူစားဝင် ကစားခွင့်ရခဲ့သည်။

ပွဲအပြီးတွင် ပေါ့ဂ်ဘာနှင့်ပတ်သက်ပြီးမေးခွန်းမေးခံရရာတွင် မော်ရင်ဟိုက ၂၄ နှစ်အရွယ်ကစားသမား၏ အားထုတ်ကြိုးစားမှုကို ကျေနပ်သည်ဟုပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပွဲမတိုင်ခင်မှာရော ပွဲအပြီးမှာပါ ပေါ့ဂ်ဘာနဲ့ပတ်သက်တာတွေချည်းပဲ အမေးခံနေရတယ်။ ပေါ့ဂ်ဘာက အသင်းမှာကျွန်တော် ပြောထားတဲ့ညွှန်ကြားချက်တွေအတိုင်းအကောင်းဆုံးလိုက်နာနိုင်ဖို့ ကြိုးစားနေတဲ့သူပါ။

သူ့ရဲ့ခြေစွမ်းအမှန်ကိုထိန်းဖို့အမြဲကြိုးစားနေပါတယ်။ သူဘောလုံးဆုံးရှုံးတာတွေရှိပေမယ့်လည်း ဆီဗီလာလိုအသင်းကောင်း တစ်သင်းနဲ့အဝေးကွင်းမှာကစားရတဲ့ပွဲမှာ ကျွန်တော်တို့ကစားပုံကိုထိန်းနိုင်ဖို့၊ တည်ငြိမ်ဖို့ သူလုပ်နိုင်ခဲ့ပါတယ်”ဟု မော်ရင်ဟိုက ပြောသည်။

မန်ယူနိုက်တက်သည် ဂိုးသမားဒီဂီယာ၏လက်စွမ်းပြမှုကြောင့်လည်း အဝေးကွင်းတွင်ဂိုးမရှိသရေရလဒ်ရယူနိုင်ခဲ့ပြီး ဒုတိယအကျော့ကို အိမ်ကွင်း၌ မတ် ၁၃ တွင်ကစားရမည်ဖြစ်သည်။

Ref; goal.com

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly