အရောင်းအဝယ်တွင် ဒီဂျစ်တယ်ငွေကြေးသုံးရန် နိုင်ငံပိုင်ရေနံကုမ္ပဏီကို ဗင်နီဇွဲလားသမ္မတ အမိန့်ထုတ်

အရောင်းအဝယ်တွင် ဒီဂျစ်တယ်ငွေကြေးသုံးရန် နိုင်ငံပိုင်ရေနံကုမ္ပဏီကို ဗင်နီဇွဲလားသမ္မတ အမိန့်ထုတ်

ကာရာကတ်စ်၊ ဖေဖော်ဝါရီ ၂၁ ။              ။ ဗင်နီဇွဲလားနိုင်ငံတွင် ဖေဖော်ဝါရီ ၁၉ ရက် ညလယ်က စတင်ထုတ်လုပ်ခဲ့သည့် နိုင်ငံတော်ဒီဂျစ်တယ်ငွေကြေး ပီထရိုဖြင့် အရောင်းအဝယ်များ ပြုလုပ်ကြရန်   နိုင်ငံပိုင်ရေနံကုမ္ပဏီ PDVSA အား သမ္မတ နီကိုလပ်စ်မာဒူရိုက ဖေဖော်ဝါရီ ၂၀ ရက်၌ အမိန့့်ထုတ်သည်။

“PDVSA အပါအဝင် Pequiven နဲ့ CVG ကုမ္ပဏီတွေကို အမိန့်ထုတ်ထားပါတယ်။ ဒီနေ့ကစပြီး ထုတ်ကုန်တွေ ရောင်းချတဲ့ တစ်ရာခိုင်နှုန်းမှာ ပီထရိုဒီဂျစ်တယ်ငွေကြေးကို သုံးကြဖို့ အမိန့်ထုတ်ထားပါတယ်။”ဟု ပီထရိုငွေကြေး အကြိုရောင်းချခြင်း ကြေညာရာမှာ မာဒူရိုက ပြောခဲ့ခြင်း ဖြစ်သည်။

ကုန်ဈေးနှုန်းများ မြင့်တက်ခြင်းနှင့် ဆိုရှယ်လစ်စီးပွားရေး ပျက်ယွင်းခြင်းတို့ဖြင့် နိုင်ငံစီးပွား ကျဆင်းနေခြင်းမှ ရုန်းထွက်ရန် မျှော်လင့်လျက် ဒီဂျစ်တယ်ငွေကြေးတစ်ရပ်ဖြစ်သော ပီထရိုကို ဖန်တီးရန် ဒီဇင်ဘာအစပိုင်းက မာဒူရိုက ကြေညာခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၉ ရက် ညလယ်တွင် ပီထရိုဒီဂျစ်တယ်ငွေကြေးကို စတင်၍ ထုတ်လုပ်လာခြင်း ဖြစ်သည်။

အဆိုပါ ပီထရိုငွေကြေးအနေဖြင့် ဗင်နီဇွဲလားက ရေနံတစ်စည် ပေါက်ဈေးနှင့် တန်ဖိုးညီမျှမည်ဖြစ်ပြီး နိုင်ငံအတွင်း မကြာသေးမီက ရေနံပေါက်ဈေးသည် တစ်စည် အမေရိကန်ဒေါ်လာ ၆၀ ဝန်းကျင်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။

ပီထရိုငွေကြေး ထုတ်လုပ်ခြင်းကို သန်း ၁၀၀ အထိ မျှော်မှန်းသော်လည်း ပထမနှစ်အတွင်း ပီထရိုဒီဂျစ်တယ်ငွေကြေး ထုတ်လုပ်မှု စုစုပေါင်း ပမာဏသည် သန်း ၁၀၀ ကျော်လွန်မည်ဖြစ်ကြောင်း မာဒူရိုက အစောပိုင်းက ကြေညာထားသည်။

ဗင်နီဇွဲလား အတိုက်အခံများ ဦးဆောင်သော ကွန်ဂရက်လွှတ်တော်က ပီထရိုဒီဂျစ်တယ်ငွေကြေး ထုတ်လုပ်ရောင်းချသည့် မာဒူရို၏ အမိန့်သည် ယင်းငွေကြေးမှာ တရားဝင်ငွေကြေး မဟုတ်ခြင်းကြောင့် ဖွဲ့စည်းပုံ ပြဌာန်းချက်ကို ချိုးဖောက်သည်ဟု ကြေညာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly