ဖိလစ်ပိုင်အစွန်းရောက်အဖွဲ့၏ မလေးရှားဂိုဏ်းခွဲတည်ထောင်မည့်သူများ ဖမ်းဆီးရမိ

ဖိလစ်ပိုင်အစွန်းရောက်အဖွဲ့၏ မလေးရှားဂိုဏ်းခွဲတည်ထောင်မည့်သူများ ဖမ်းဆီးရမိ

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၁ ။        ။ ဖိလစ်ပိုင်က ပြန်ပေးဆွဲငွေတောင်းမှုများ ကျုးလွန်သော အဖွဲ့တစ်ရပ်၏ မလေးရှားဂိုဏ်းခွဲတည်ထောင်ရန် ကြိုးစားကြသော အစ္စလာမ္မစ်စစ်သွေးကြွ ဆယ်ဦးကို မလေးရှားနိုင်ငံအတွင်း ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောသည်။

ဖိလစ်ပိုင်နိုင်ငံသား အများစုဖြစ်သော အဆိုပါ အစွန်းရောက်များသည် အိုင်အက်စ်အုပ်စုနှင့် ဆက်နွှယ်သော တိုက်ခိုက်ရေးသမား ဖိလစ်ပိုင်သို့ သွားရောက်ကာ ယင်းနိုင်ငံတွင်းက စစ်သွေးကြွများနှင့် ပူးပေါင်းနိုင်ရေးတွင် အကူအညီ ပေးနေသူများလည်းဖြစ်ကြောင်း ရဲက ဆိုသည်။

ကက်သလစ်ဘာသာဝင်အများစုဖြစ်သော ဖိလစ်ပိုင်တွင် တောင်ပိုင်းနယ်မြေများ၌ အစ္စလာမ္မစ်စစ်သွေးကြွများ ရှိနေသည်။ နိုင်ငံ၏ မွတ်စလင်အများစုအရပ်ဖြစ်သော မာရာဝီမြို့ကို အစ္စလာမ္မစ်အစွန်းရောက်များ ကာလရှည် သိမ်းပိုက်ခဲ့မှုကြောင့် ဒေသတွင်း အိုင်အက်စ်တို့က ခြေကုပ်ယူလာမည်ကို စိုးရိမ်မှုများ ဖြစ်ပွားစေသည်။

ယခု အစွန်းရောက်ဆယ်ဦးအား ဖမ်းဆီးမှုကို ဇန်နဝါရီနှင့် ဖေဖော်ဝါရီ အစောပိုင်းတို့တွင် မလေးရှားရဲတပ်ဖွဲ့က ဘော်နီယိုကျွန်းရှိ မလေးရှားအပိုင် ဆာဘတ်ပြည်နယ်အတွင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဆာဘတ်ပြည်နယ်သည် ဖိလစ်ပိုင်တောင်ပိုင်းနှင့် အနီးတွင် ရှိသည်။

ဖမ်းဆီးရမိသူများတွင် ဖိလစ်ပိုင်နိုင်ငံသား ခုနစ်ဦးပါဝင်ရာ ဖိလစ်ပိုင်အစွန်းရောက်အဖွဲ့ဖြစ်သော အဘူဆေယက်အဖွဲ့၏ အကြီးတန်းအဖွဲ့ဝင်တစ်ချို့ ပါဝင်သည်။ အဘူဆေယက်အဖွဲ့သည်   နိုင်ငံခြားသားများကို   ပြန်ပေးဆွဲ ငွေတောင်းယူနေသော အစွန်းရောက်အဖွဲ့ဖြစ်သည်။

“အခု သံသယရှိသူ ဆယ်ဦးကို ဖမ်းမိပြီး စစ်မေးမှုအရ အဘူဆေယက်အစွန်းရောက်အဖွဲ့ဟာ ဆာဘတ်ပြည်နယ်မှာ မလေးရှားဂိုဏ်းခွဲ တည်ထောင်ဖို့ လုပ်ဆောင်နေတာကို သိရတယ်။”ဟု မလေးရှား အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲ မိုဟာမတ်ဖူဇီက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly