ရိုက်တာသတင်းဌာန၏ အင်းဒင်လူသတ်မှုသတင်းအပေါ် အမှုရင်ဆိုင်နေရသည့်သတင်းထောက်နှစ်ဦး မှတ်ချက်မပေး

ရိုက်တာသတင်းဌာန၏ အင်းဒင်လူသတ်မှုသတင်းအပေါ် အမှုရင်ဆိုင်နေရသည့်သတင်းထောက်နှစ်ဦး မှတ်ချက်မပေး
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် ဖေဖေါ်ဝါရီ ၂၁ ။              ။ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ရိုက်တာသတင်းထောက်၂ ဦးက အင်းဒင်လူသတ်မှုနှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာန၏ သတင်းထုတ်ပြန်ချက်သည် ၎င်းတို့စုံစမ်းရေးသားထားသည့် သတင်းကိုထုတ်ပြန်ခြင်းဖြစ်သောကြောင့် ထူးခြားသည့်ဖြစ်စဉ်မဟုတ်ကြောင်းနှင့်  ထွေထွေထူးထူးပြောစရာ မရှိကြောင်း   ပြောသွားခဲ့ခြင်းဖြစ်သည်။

ယနေ့ရုံးထုတ်တွင် သတင်းထောက်များကို ပြောသွားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့လိုက်ခဲ့တဲ့ သတင်းထုတ်ပြန်တာကို ကျွန်တော်တို့က ဘာပြောရမှာလဲ” သတင်းထောက် ကိုဝလုံးကပြောသွားခဲ့သည်။

ရခိုင်ပြည်နယ်မောင်တောမြို့နယ် အင်းဒင်ရွာ သင်းချိုင်းအနီးတွင် ဘင်္ဂါလီ၁၀ဦးကို ရွာသားများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့က သတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာနက ဒေသခံအချို့၏   ပြောဆိုမှုနှင့် သက်သေဓါတ်ပုံများကို ကိုးကား၍ ယခုလ၈ရက်က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းလူသတ်မှုနှင့်ပတ်သက်ပြီး တပ်မတော်က ဇန်နဝါရီလအတွင်းသတင်းတုတ်ပြန်ခဲ့ပြီး ပြစ်မှုကျူလွန်သူများကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်းအသိပေးထားသည်။
ယင်းနောက် အရေးယူမည့်လူစာရင်းကို ရခိုင်ပြည်နယ်အစိုးရမှတဆင့် အသိပေးခဲ့သည်။

တပ်မတော်ထုတ်ပြန်ချက်ထဲတွင် အသတ်ခံရသူ၁၀ဦးမှာ အကြမ်းဘက်သမားများဖြစ်သည်ဟု ဖေါ်ပြထားပြီးရိုက်တာ သတင်းထဲတွင် အသတ်ခံရသူ၁၀ဦးမှာ အရပ်သားများဖြစ်သည်ဟု ဖေါ်ပြထားသည်။

ရိုက်တာသတင်းထောက် ၂ ဦးဖြစ်သည့် ကိုသက်ဦးမောင် (ခေါ်) ဝလုံး နှင့် ကိုကျော်စိုးဦး (ခေါ်)မိုးအောင်တို့ကို ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသတွင်း အကြမ်း ဖက်မှုများနှင့် ပတ်သက်သည့် အစီအရင်ခံစာ စာရွက်စာတမ်းများ လက်ဝယ် တွေ့ရှိမှုဖြင့် ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းတွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၎င်းတို့နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ပုဒ်မဖြင့် စွဲချက်တင်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly