သက်ငယ်မုဒိမ်းမှုများလျော့ကျရေး ပြည်သူများ အား အသိပညာပေးခြင်းကို တိုးမြှင့်ဆောင်ရွက်နေဟု ပြည်ထဲရေး ဒုဝန်ကြီးပြော

သက်ငယ်မုဒိမ်းမှုများလျော့ကျရေး ပြည်သူများ အား အသိပညာပေးခြင်းကို တိုးမြှင့်ဆောင်ရွက်နေဟု ပြည်ထဲရေး ဒုဝန်ကြီးပြော

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ ။                ။ သက်ငယ်မုဒိမ်းဖြစ်ပွားမှုလျော့ကျရေးအတွက် ပြုမှုနေထိုင်ခြင်းများကို အသိပညာပေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကပြောသည်။

“နံပါတ် ၁ကတော့ ကျွန်တော်တို့ ဝန်ကြီးဌာန အားလုံးရော လူမှု အဖွဲ့ အစည်း အားလုံးရော စုပေါင်းပြီးတော့ အဓိကက ပြည်သူတွေအသိပညာပေးရေး ဒီသက်ငယ်မုဒိမ်းမဖြစ်အောင် ဘယ်လိုပြုမူနေထိုင်သင့်တယ်ဆိုတဲ့ အသိပညာပေးလုပ်ငန်းစဉ်ကို ကျွန်တော် တိုးမြှင့်ပြီးတော့ လုပ်နေပါတယ်" ဟု ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကပြောသည်။

ယနေ့ဖေဖော်ဝါရီ ၂၁ရက်နေ့က ကျင်းပပြုလုပ်သော ဒုတိယအကြိမ်အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးအပြီးတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် " ဒုတိယ အချက်ကတော့ တရားဥပဒေ စိုးမိုးရေးကို  လုပ်ရတယ်။  ကျွန်တော်တို့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ အနေနဲ့လည်း သက်ငယ်မုဒိမ်းဖြစ်နိုင်ချေ ရှိတဲ့ နေရာတွေကို ဦးစားပေးပြီး ကျွန်တော်တို့ရဲ့ Crime Prevention Strategies တွေ ရှိပါတယ်။ ဒါလေးနဲ့ အညီ ကျွန်တော်တို့လည်း လေ့လာသုံးသပ်ပြီးတော့ နယ်မြေအလိုက် ကျွန်တော်တို့ တိုးမြှင့်ပြီးတော့ ဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်တွေနဲ့   ဆောင်ရွက်နေပါတယ်" ဟု ဆိုသည်။

သက်ငယ်မုဒိမ်းဖြစ်ပွားမှုများ ကြားသိနေရသည့်အပေါ် စိတ်မကောင်းကြောင်း ၊ လက်ရှိတွင် ဥပဒေပြင်ဆင်ရေးဆွဲရေးကိစ္စ ဆောင်ရွက်နေကြောင်း သိရသည်။

" ဒီပြစ်ဒဏ်ပြင်ဆင်ရေးနဲ့ ပတ်သတ်ပြီးတော့ တောင်းဆိုနေတာ ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ကတော့ ဥပဒေ ပြင်ဆင်ရေးကတော့ ဥပဒေ ရေးဆွဲတဲ့လုပ်ငန်းစဉ်အတိုင်း တစ်ဖက်ကတော့ သွားနေတာပေါ့”ဟု ဗိုလ်ချုပ်အောင်စိုးက ဆက်လက်ပြောကြားသည်။

ဖေဖော်ဝါရီလကုန်မှစပြီး သက်ငယ်မုဒိမ်းအပါအဝင် ၊အဓိကဖြစ်ပေါ်နေသော ပြစ်မှုကြီးများအတွက် ရာဇဝတ်မှုကာကွယ်တားဆီးရေးမဟာဗျူဟာများ(Crime Prevention Strategies) ကို နိုင်ငံတကာ အဖွဲ့အစည်းများ ၊ ပြည်တွင်းအဖွဲ့အစည်းများနှင့် အတူ ပြန်လည်လေ့လာသုံးသပ်ပြီး ထိရောက်ဟန့်တားမှုရှိအောင် ပြည်ထဲရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသည်ဟု သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ  ၂၀၁၇ ခုနှစ်တွင် သက်ငယ်နှင့် သက်ကြီး မုဒိမ်းမှုများသည် မြန်မာတစ်နိုင်ငံလုံးတွင် ၁၄၀၅ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၀၁၆ခုနှစ်တွင် ၁၁၀၀ကြိမ် ဖြစ်ခဲ့သည့်အတွက်ကြောင့် ၂၀၁၇ခုနှစ်တွင် စုစုပေါင်း ၃၀၅ကြိမ် ပိုမိုဖြစ်ပွားခဲ့သည်။

ထိုထုတ်ပြန်ချက်ထဲတွင် အများဆုံး ဖြစ်ပွားခဲ့သည့် နေရာများမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ဖြစ်ကြပြီး အဓိကဖြစ်ပွားရသည့် အကြောင်းအရင်းများမှာ လူသားဆန်သည့်စိတ်မရှိမှု၊ ဘာသာရေးအဆုံးအမ မရှိမှု၊ အသိပညာ နည်းပါးမှုတို့အပြင် အရက်သေစာ သောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း ၊ကလေးငယ်များ၏ အင်အားနည်းပါးမှုနှင့် လွယ်ကူစွာအခွင့်အရေး ရလွယ်ခြင်းတို့ကြောင့်ဖြစ်သည်ဟု ပြည်ထဲရေးမှ သိရသည်။

တည်ဆဲကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ သက်ငယ်မုဒိမ်းကျူးလွန်သူများကို တစ်သက်တစ်ကျွန်း (သို့) ထေင်ဒဏ်အနှဏ် (၂၀) အထိချမှတ်နိုင်သည်။

“ထောင်ကပြန်လွတ်လာတဲ့ အခါမှာလည်း ကလေးသူငယ်အပေါ်မှာကျူးလွန်လေ့ရှိတဲ့သူတွေက အဲ့ဒီအပေါ်မှာလည်း ဆက်တိုက်ကျူးလွန်တဲ့ အခါကျတော့ သူနေတဲ့ရပ်ကွက်တွေ၊ လမ်းတွေ၊ သူနေတဲ့လုပ်ငန်းခွင်တွေမှာ အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ သူ့ဓာတ်ပုံနဲ့ တကွ အသိပေးတာမျိုးတွေရှိတယ်ပေါ့။ ဒါသည် နိုင်ငံသား အခွင့် အရေးကို ချိုးဖောက်တာ မဟုတ်ဘူး ။ကြိုတင်ကာကွယ်တာမျိုးတွေ လုပ်တဲ့ဟာမျိုးပေါ့”ဟု မင်္ဂလာဒုံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးအောင်လှိုင်ဝင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly