မကွေးကျောင်းဆရာတော်ဦးပါမောက္ခအား ထောင်ဒဏ် ၃ လ ချမှတ်

မကွေးကျောင်းဆရာတော်ဦးပါမောက္ခအား ထောင်ဒဏ် ၃ လ ချမှတ်
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန် ဖေဖော်ဝါရီ ၂၁ ။                       ။ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် မကွေးကျောင်း ဆရာတော်ဦးပါမောက္ခကို ရန်ကုန်၊ ကမာရွတ်မြို့ နယ်တရားရုံးက ထောင်ဒဏ် ၃ လ ချမှတ်လိုက်သည်။

၃ လကျော်အကြာ ၊ ၁၄ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ပြီးနောက် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ရုံးချိန်းတွင် ယင်းသို့ အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

" ၃ လချမှတ်လိုက်ပါတယ်၊ ရှေ့ပိုင်းမှာတုန်းက ထောင်ဒဏ် ၁ လ ကျထားတာရှိတယ်၊ နောက် ထပ် ဒီကြားထဲမှာ ၅၀၅ (ခ)နဲ့ပဲ ချုပ်ရက် ၂ လ ကျော် ရှိထားပြီ၊ ဆိုတော့ နောက်ထပ် ၂၂ ရက် လောက်နေပြီးရင်တော့ ခန့်မှန်းခြေ ၂၂ ရက် လောက် နေပြီးရင်တော့ ဆရာတော် ပြန်လည် လွတ်မြောက်လာမှာ ဖြစ်ပါတယ်" ဟု ဆရာ တော်၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းက မဇ္ဈိမသို့ ပြောသည်။

ဆရာတော်သည် ပုဒ်မ ၂ ခုဖြင့် တရားစွဲဆိုခံ ခဲ့ရခြင်းဖြစ်ပြီး၊ ငြိမ်းစုစည်းဥပဒေပုဒ်မ ၁၉ အတွက် ထောင်ဒဏ် ၁ လ သီးခြားကျခံခဲ့ပြီး ဖြစ် သည်။ ထောင်ဒဏ် ၁ လကျခံခဲ့ရသည့် အပြင် သက်တော်ကြီးရင့်သည့်အတွက် တရားရုံးတော် က သက်ညှာစွာ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သော်လည်း ပြစ်ဒဏ်အတွက် အယူခံဆက်တက်သွားမည်ဟု ဆရာတော်၏ ရှေ့နေဦးအောင်သူရိန်ထွန်းက ဆက်ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် နေ့တွင် ဆရာတော်ဦးပါက္ခေက တရားရုံးဦးတိုက်လျှောက် ထားလွှာပေါ်က တရားလို၏လက်မှတ် မမှန်မကန် ဖြစ်နေသည်ဟုဆိုကာ တရားလိုအပါအဝင် တရားသူကြီးနှင့် ရဲအရာရှိ၊ လူပုဂ္ဂိုလ် ၆ ဦးတို့ကို ပုဒ်မ ၄၆၈ ဖြင့် ပြန်လည်တရားစွဲဆိုခဲ့သည့် အမှု ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဟု သိရသည်။

" ၆ ယောက်ကို တရားစွဲတာပေါ့၊ အရင်စစ်ဆေး ခဲ့တဲ့တရားသူကြီး ၂ ယောက်ပါတယ်၊ လက်ရှိ ဥပဒေအရာရှိ မြို့နယ်ဥပဒေအရာရှိပါတယ်၊ နောက် ကျန်တဲ့ ရဲအုပ်တွေပါတယ်၊ အားလုံး ၆ ယောက်ကို စွဲထားတာ၊ အဲဒီ ၆ ယောက်ထဲက ၃ ယောက်ခွင့်ပြုတဲ့အတွက် အဲဒီအမှုကိုစစ်ဆေးဖို့ မတ်လ ၁၀ ရက်နေ့ပြန်ချိန်းထားတယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောသည်။

ဆရာတော်ဦးပါမောက္ခသည် ၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်က အမေရိကန်သံရုံးရှေ့တွင် ခွင့်ပြုချက်မရှိဘဲဆန္ဒပြမှုအတွက် အမှုဖွင့် ဖမ်းဝရမ်း ထုတ်ခံရပြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်က ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြို့မရဲစခန်းတွင် အခွန်လွတ်ဈေးမြေနေရာကိစ္စ ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက်လာရောက်တောင်းခံစဉ် လူဝတ်လဲဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက် ကမာရွတ်မြို့နယ်တရားရုံးက ငြိမ်းစု စည်းဥပဒေပုဒ်မ ၁၉ အပါအဝင် နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် စစ်ဆေးခဲ့ပြီး ပုဒ်မ ၁၉ အတွက် ထောင်ဒဏ် ၁ လ ချမှတ်ခဲ့ပြီးဖြစ်သည်။ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ကို အာမခံမပေးခဲ့သည့်အတွက် အင်းစိန်ထောင် တွင် ထိန်းသိမ်းခံရပြီးနောက် အမှုဆက်လက် ရင်ဆိုင်ခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly