အစ္စရေးနှင့် ပြဿနာအတွက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးညီလာခံခေါ်ယူရန် ကုလသမဂ္ဂကို ပါလက်စတိုင်း တိုက်တွန်း

အစ္စရေးနှင့် ပြဿနာအတွက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးညီလာခံခေါ်ယူရန် ကုလသမဂ္ဂကို ပါလက်စတိုင်း တိုက်တွန်း

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၁ ။           ။ အစ္စရေးနှင့် ပြဿနာကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးညီလာခံသစ်တစ်ရပ် ခေါ်ယူရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်က ဖေဖော်ဝါရီ ၂၀ ရက်တွင် တိုက်တွန်းလိုက်သည်။

“ကျွန်တော်တို့ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ လွတ်လပ်ရေးကို ဖော်ဆောင်နိုင်ဖို့ ချက်ချင်းလက်ငင်း စေ့စပ်ဆွေးနွေးမှုတွေအတွက် ကျွန်တော်တို့ အသင့်ရှိပါတယ်။”ဟု လုံခြုံရေးကောင်စီတွင် အဘတ်စ်က ပြောသည်။

ပါလက်စတိုင်းနှင့် အစ္စရေးတို့ ပါဝင်မည်ဖြစ်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး ညီလာခံတစ်ရပ်ကို ၂၀၁၈ နှစ်လယ်အတွင်း ကျင်းပနိုင်ရေး ပါလက်စတိုင်းက အဆိုပြုခဲ့သည်။

ထိုအဆိုပြုချက်သည် ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆုံးဖြတ်ပြီးနောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ကျင်းပနိုင်ရေး ရည်ရွယ်သည်။

ထရမ့်၏ ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းကြောင့် ပါလက်စတိုင်း-အစ္စရေး ပြဿနာတွင် အမေရိကန်သည် ဖြန်ဖြေဆောင်ရွက်သူအဖြစ် မရှိထိုက်တော့ကြောင့် ပါလက်စတိုင်းဖက်က ဆုံးဖြတ်ဖြစ်စေခဲ့သည်။

“ဒေသတွင်းနဲ့ နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေးမှာ နိုင်ငံတစ်နိုင်ငံနဲ့ မဖြစ်နိုင်တော့ပါ။ အပြည်ပြည်ဆိုင်ရာ ညီလာခံကနေ နိုင်ငံပေါင်းစုံပါဝင်တဲ့ ဖြေရှင်းမှုတစ်ရပ် ထူထောင်နိုင်ဖို့ မရှိမဖြစ် လိုအပ်နေပါတယ်။”ဟု မာမွတ်က ပြောသည်။

ဂျေရုဆလင်အရေးတွင် ထရမ့်၏ လုပ်ဆောင်ချက်အား အဘတ်စ်က ရှုတ်ချလိုက်ပြီး အရှေ့အလယ်ပိုင်း ပဋိပက္ခဖြေရှင်းရေးတွင် ဘက်ပေါင်းစုံမှ ချည်းကပ်မှု လိုအပ်သည်ဟုလည်း ပြောခဲ့သည်။

ထရမ့်၏ ဂျေရုဆလင် ဆုံးဖြတ်ချက်၊ အစ္စရေးတို့၏ တရားမဝင် အခြေစိုက်အိမ်ရာများ ဆောက်လုပ်ခြင်းနှင့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းတို့အားဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အသက်မဲ့သွားရကြောင်းလည်း ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အဘတ်စ်က လုံခြုံရေးကောင်စီတွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly