ရန်ကုန်ဘူတာကြီး ဧရိယာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ကန်ဒေါ်လာ ၂ ဘီလီယံခွဲ ရင်းနှီးမြှုပ်နှံမည်

ရန်ကုန်ဘူတာကြီး ဧရိယာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ကန်ဒေါ်လာ ၂ ဘီလီယံခွဲ ရင်းနှီးမြှုပ်နှံမည်

 တည်ဆောက်ရေးလုပ်ငန်းမှ အလုပ်အကိုင်အခွင့်အလမ်း တစ်သိန်းနီးပါး ဖန်တီးပေးနိုင်မည်

ရန်ကုန်မီးရထားဘူတာကြီးဝင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း တည်ဆောက်နေစဉ်အတွင်း ပြည်တွင်း အလုပ်အကိုင်တစ်သိန်းနီးပါးကို ဖန်တီးပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းအတွက် ဦးစားပေးညှိနှိုင်းမှုပြုလုပ်ရန် ရွေးချယ်ခံရသည့် Central Transport Development Consortium (CTDC)မှ သိရသည်။

ယင်းစီမံကိန်းသည် ရန်ကုန်မြို့နယ်ခေါင်အချက်အချာနေရာရှိ ၂၅ ဒသမ ၇  ဟတ်တာ (သို့) ၆၃ ဒသမ ၅ ဧက ကျယ်ဝန်းသည့် ရန်ကုန်ဘူတာကြီးဧရိယာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံဖြစ်ကြောင်း CTDC ၏ ဖေဖော်ဝါရီလ ၂၀ ရက်ထုတ်ပြန်ချက်အရ သိရသည်။

Central Transport Development Consortium တွင် မြန်မာနိုင်ငံမှ မုတ္တမဟိုးဒင်းလ်လီမီတက်၏ လက် အောက်ခံ ကုမ္ပဏီခွဲတစ်ခုဖြစ်သော မင်းဓမ္မကုမ္ပဏီက ၄၀ ရာခိုင်နှုန်းပါဝင်ပြီး ကျန် ၆၀ ရာခိုင်နှုန်းကို စင်္ကာပူ အခြေစိုက် Oxley Holdings နှင့် Sino Great Wall ကုမ္ပဏီတို့က (၃၀) ရာခိုင်နှုန်းဆီ ပါဝင်ထားကြောင်း သိရသည်။

မုတ္တမဟိုးဒင်းလ်လီမီတက်၏ ဥက္ကဋ္ဌ ဦးရန်ဟော်က " ဒီကြီးမားတဲ့ စီမံကိန်းကြီးက ပြည်တွင်းမှာရှိတဲ့ ပြည်သူ တွေရော၊ စီးပွားရေးလုပ်ငန်းတွေကိုပါ အခွင့်အလမ်းအသစ်တွေကို ဖန်တီးပေးသွားမှာပါ။ ဒီစီမံကိန်းအသစ်က နေ တဆင့်နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဖိတ်ခေါ်ဆွဲဆောင်ခြင်းနဲ့ ရန်ကုန်မြို့အတွက် နောက်ထပ် စိတ်ဝင် စားဖွယ်နေရာအသစ်တစ်ခုကို ဖန်တီးနိုင်လာနိုင်ခြင်းတွေ အပြင် မြန်မာ့စီးပွားရေးကဏ္ဍမှာ ပါဝင်သွား နိုင် မယ့် အဓိကကျတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုပါဝင်တဲ့ စီမံကိန်းတစ်ခုဖြစ်လာမယ်လို့ ယုံကြည် ထားပါတယ်" ဟု ဆိုသည်။

အဆိုပါဘက်စုံစီမံကိန်း တစ်ခုလုံးတွင် အထင်ကရညီနောင်တာဝါရုံးခန်း အဆောက်အဦများ၊ အိမ်ယာများ၊ ဟိုတယ်များနှင့် ဝန်ဆောင်မှု ပါ တိုက်ခန်းများ၊ အများပြည်သူအတွက် ပန်းခြံနှင့် ပြတိုက်တို့ ပါဝင်မည်ဖြစ် ကြောင်း သိရသည်။

Central Transport Development Consortium ၏ ထုတ်ပြန်ချက်အရ ယင်းစီမံကိန်း၏ ကြမ်းခင်ဧရိယာ စတုရန်းမီတာ ( ၁ဒသမ ၀၉)သန်းဖြစ်ပြီး ဇုန် (၆)ခု ပါဝင်ကာ တည်ဆောက်မှု အတွက် ခန့်မှန်းကြာမြင့်ချိန်မှာ  (၈)နှစ်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly