တွေ့ဆုံဆွေးနွေးဖို့ အသင့်ဖြစ်နေခဲ့သော်လည်း မြောက်ကိုရီးယားဘက်မှ ပယ်ချခဲ့ဟု အမေရိကန်ပြောဆို

တွေ့ဆုံဆွေးနွေးဖို့ အသင့်ဖြစ်နေခဲ့သော်လည်း မြောက်ကိုရီးယားဘက်မှ ပယ်ချခဲ့ဟု အမေရိကန်ပြောဆို

ဝါရှင်တန်၊ အမေရိကန်၊ ဖေဖေါ်ဝါရီ ၂၁ ။             ။ အမေရိကန်ဒုသမ္မတမိုက်ခ်ပန့်စ်သည် တောင်ကိုရီးယားနိုင်ငံ၌ကျင်းပသည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲသို့ တက်ရောက်ခဲ့စဉ်တွင်   မြောက်ကိုရီးယားအစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေခဲ့ သော်လည်း မြောက်ကိုရီးယားတို့ဘက်မှ   နောက်ဆုံးအချိန်ကျမှ   ဆွေးနွေးဖို့ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး ဟီသာနောအာ့တ်က ဒုသမ္မတပန့်စ်သည် တောင်ကိုရီးယားသို့ရောက်ရှိနေသည့် အခွင့်အရေးကိုအသုံးချကာ   မြောက်ကိုရီးယားတို့၏ နျူကလီးယားနှင့် ပဲ့ထိန်းတပ်ဒုံးပျံစမ်းသပ်မှုများနှင့်ပက်သက်၍ အမေရိကန်တို့၏ စိုးရိမ်ပူပန်မှုအကြောင်းကို အလေးပေးဆွေးနွေး သွားလိုခဲ့ကြောင်း အင်္ဂါနေ့က ပြောခဲ့သည်။

ယင်းသို့ အခွင့်အရေးကောင်းကြီးကို မြောက်ကိုရီးယားတို့အနေဖြင့် ရယူနိုင်ခဲ့ခြင်းမရှိသည့်အတွက် အမေရိကန် တို့ဘက်မှ အလွန်ကို ဝမ်းနည်းမိကြောင်း နောအာ့တ်က ဆိုခဲ့သည်။

တောင်ကိုရီးယား၌ကျင်းပသည့် ပြုံချမ်းအိုလံပစ်ပြိုင်ပွဲသို့ အမေရိကန်ဒုသမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လာခဲ့ချိန်တွင် လူအများက ပန့်စ်နှင့် မြောက်ကိုရီးယားတာဝန်ရှိသူများကြား ဆွေးနွေးမှုများ ပေါ်ပေါက်လာရန် မျှော်မှန်းထားခဲ့ကြသည်။

အမေရိကန်တာဝန်ရှိသူများဘက်မှ ၎င်းတို့အနေဖြင့် ဆွေးနွေးမှုပြုလုပ်ရန် စီစဉ်ထားခဲ့သည်ဟု ပြောဆိုနေခဲ့ သော်လည်း ပန့်စ်ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားသို့ရောက်ရှိချိန်တွင် အစည်းအဝေးပွဲ စီစဉ်နေသည့် အရိပ်အယောင်များ ပြသခဲ့ခြင်းမရှိသလို ယင်းသို့နောက်ဆုံးမိနစ်ကျမှ ဖျက်သိမ်းခဲ့ရသည်ဆို သောသတင်းအား အမေရိကန်သို့ ပန့်စ်ပြန်ရောက်ပြီး တစ်ပတ်ကျော်အကြာမှ အသိပေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags