ဧရာဝတီတိုင်းရှိ တတိယမြောက်ကမ်းလွန်ထောက်ပံ့လုပ်ငန်းအား ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထပ်မံခွင့်ပြု

ဧရာဝတီတိုင်းရှိ တတိယမြောက်ကမ်းလွန်ထောက်ပံ့လုပ်ငန်းအား ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထပ်မံခွင့်ပြု

 

ပုသိမ်၊ ဖေဖော်ဝါရီ ၂၁ ။                      ။ ဧရာဝတီတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၆ သန်းကျော်ရှိသော တတိယမြောက်ကမ်းလွန် ထောက်ပံ့လုပ်ငန်းအား   ပြည်ထောင်စုရင်းနှီးမြုပ်နှံမှုကော်မရှင် အစည်းအဝေးမှ ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

“အခု JMol ကုမ္ပဏီ ကတော့ မြောင်းမြမြို့နယ်၊ ပမ္မဝတီမြစ်ဆုံနားမှာလုပ်မှာ သူက ကုန်းတွင်းပေါ့၊နောက်ပိုင်းမှာ ဒီလုပ်ငန်းအပြင်တခြားဟာတွေလုပ်ဖို့  ရှိတယ်လို့ ပြောတယ် ။   ပြည်ထောင်စုရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်ပြီ၊ ရင်းနှီးမြှုပ်နှံမှု ပမဏ အမေရိကန်ဒေါ်လာ ၃၆သန်းကျော် ရှိတယ်" ဟု  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဦးစိုးအောင်က ပြောသည်။

 ခွင့်ပြုလိုက်သည့်ပင်လယ်ပြင်ထောက်ပံ့ရေးစခန်းတွင် ဝန်ထမ်း ၁၃၄ဦး ခန့် အလုပ်အကိုင်ရရှိနိုင်ပြီး အနိမ့်ဆုံး ဒေါ်လာ၃၀၀မှ အမြင့်ဆုံးလစာ ဒေါ်လာ၆၀၀၀ ပေးမည်ဟု သိရှိရကာ  အမြတ်မှ ၂ရာနှုန်းကိုလည်း လူထုအကျိုးပြုလုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်ကြောင်း ဦးစိုးအောင်က ပြောသည်။

အဆိုပါ ကမ်းလွန်ထောက်ပံ့ရေးစခန်းများမှာ ပင်လယ်ပြင်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက်စခန်းများသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန် ဖြစ်သည်။

လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၌ ကမ်းလွန်ထောက်ပံ့ရေးစခန်း သုံးခုအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုထားပြီးဖြစ်ကြောင်းသိရှိရပြီး ယခုနောက်ဆုံး ခွင့်ပြုလိုက်သည့် ကမ်းလွန်ပင်လယ်ပြင်ထောက်ပံ့ရေးလုပ်ငန်းအား ဂျပန်နိုင်ငံမှ ကုမ္ပဏီ နှင့် မြန်မာနိုင်ငံမှကုမ္ပဏီတို့ ဖက်စပ်ဆောင်ရွက်ခြင်းဖြစ်သည်။

Myint& Associates ကမ်းလွန်ထောက်ပံ့ရေးစခန်းအား ငပုတောမြို့နယ်၊ငရုပ်ကောင်းမြို့၊ SIM ကမ်းလွန်ထောက်ပံံ့ရေးစခန်းအား ငပုတောမြို့နယ်၊ငရုပ်ကောင်းမြို့နှင့်JMol ကုမ္ပဏီ မှာ မြောင်းမြမြို့တို့တွင် ခွင့်ပြုထားခြင်းဖြစ်သည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်အနီးရှိ မီးလောင်ဂျိုင် LNG သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း၏ ပထမအဆင့်အား (၃၆) လနှင့် ဒုတိယအဆင့် ကို (၄၂) လအတွင်း ပြီးစီးပါက စုစုပေါင်း မဂ္ဂါဝပ် (၁၃၉၀) ခန့် ထုတ်လုပ်သွားမည် ဖြစ်သည်ဟုလည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly