ဝါရှင်တန်၊ အမေရိကန်၊ ဖေဖေါ်ဝါရီ ၂၁ ။ ။ ဆီးရီးယားနိုင်ငံအတွင်းရှိ သူပုန်များထိန်းချုပ်ရာ ဂိုတာအရှေ့ပိုင်းဒေသတွင်း၌ ဆီးရီးယားအစိုးရနှင့် ရုရှားတို့၏ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြင့်တက်လာပြီး နှစ်ရက်အတွင်း အရပ်သား ၂၅၀ ကျော် သေဆုံးခဲ့ရ ခြင်းနှင့်ပက်သက်၍ အမေရိကန်ပြည်ထောင်စုက ၎င်းတို့အနေဖြင့် အလွန်ကို စိုးရိမ်ပူပန်နေရကြောင်း အင်္ဂါနေ့ က ပြောခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး ဟီသာနောအာ့တ်က ယင်းဖြစ်စဉ်နှင့် ပက်သက်၍ အာဆတ်အစိုးရ၏ တိုက်ခိုက်မှုနည်းဗျူဟာများကို ဝေဖန်ပြစ်တင်ခဲ့ပြီး တိုက်ခိုက်မှုများရပ်တန့်ပေး ဖို့ ကုလသမဂ္ဂ၏တောင်းဆိုချက်ကို ထောက်ခံချက်ပေးခဲ့သည်။
“အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒါမာစကပ်မြို့ဆင်ခြေဖုံးအရပ်က ဂိုတာအရှေ့ပိုင်းနယ်မြေထဲမှာ ပြင်းထန် သော တိုက်ခိုက်မှုတွေ မြင့်တက်လာတာနဲ့ပက်သက်လို့ အလွန်ကိုစိုးရိမ်ပူပန်နေပါတယ်” ဟု နောအာ့တ်က သတင်းထောက်များကို ပြောခဲ့သည်။ ဆက်လက်ပြီး “ဒီလိုတိုက်ခိုက်မှုတွေ မြင့်တက်လာတာကြောင့် ပြည်သူ ၄ သိန်းနီးပါးခန့် ဒုက္ခရောက်ခဲ့ရပါတယ်” ဟု သူမက ဆိုခဲ့သည်။
ဒါ့အပြင် “တိုက်ခိုက်မှုတွေပြုလုပ်ခြင်းကို ယခုပဲရပ်နားသင့်ပါပြီ။ ပြီးတော့ အရေးပေါ်အကူအညီတွေ လိုအပ်နေ တဲ့သူတွေကို တိုက်ပွဲဖြစ်ပွားရာနယ်မြေအတွင်းကနေ ဘေးကင်းရာသို့ ချက်ချင်းရွှေ့ပြောင်းပေးဖို့ လိုအပ်ပါ တယ်” ဟု သူမက ဖြည့်စွက်ပြောဆိုခဲ့သည်။
ဂိုတာအရှေ့ပိုင်းနယ်မြေအတွင်း ပြည်သူပေါင်း ၄ သိန်းခန့်နေထိုင်ပြီး ၎င်းတို့သည် အစိုးရစစ်တပ်၏ ဝန်းရံပိတ် ဆို့ထားမှုကြောင့် အစားအစာနှင့် ဆေးဝါးများ မလောင်မငှသာရရှိနေကြောင်း သိရသည်။
ဆီးရီးယားအစိုးရနှင့် ရုရှားစစ်တပ်တို့သည် ယင်းနယ်မြေအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် အတွက် ပြီးခဲ့သောတနင်္ဂနွေနေ့က အရပ်သား ၁၀၀ ကျော်ခန့် သေဆုံးခဲ့ရပြီး ဆေးရုံများလည်း ရပ်ဆိုင်းသွားခဲ့ ကြောင်း သိရသည်။