အာဖဂန်နစ္စတန်၌ အိုင်အက်စ်တို့ရှိနေခြင်းအတွက် ရုရှားတို့အလွန်စိုးရိမ်နေရဟု နိုင်ငံခြားရေးဝန်ကြီးပြော

အာဖဂန်နစ္စတန်၌ အိုင်အက်စ်တို့ရှိနေခြင်းအတွက် ရုရှားတို့အလွန်စိုးရိမ်နေရဟု နိုင်ငံခြားရေးဝန်ကြီးပြော

 

မော်စကို၊ ရုရှား၊ ဖေဖေါ်ဝါရီ ၂၁ ။               ။ အာဖဂန်နစ္စတန်နိုင်ငံအတွင်း၌ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်)တို့ သြဇာကြီးမားလာပြီး အင်အား များပြားလာသည့်အပေါ် ရုရှားတို့အနေဖြင့် အလွန်စိုးရိမ်ဖိစီးနေရကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က အင်္ဂါနေ့က ပြောခဲ့သည်။

“အိုင်အက်စ်တို့အင်အားကြီးမားလာတာနဲ့ အာဖဂန်နစ္စတန်မှာ ဖြစ်ပျက်နေတာတွေနဲ့ပက်သက်ပြီးတော့ ကျနော်တို့ အလွန်ကိုဖိစီးနေရပါတယ်” ဟု လက်ဗ်ရော့ဗ်က မော်စကိုမြို့တွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ခါဝါဂျာမူဟာမက်အာဆစ်ဖ်နှင့်အတူ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

လက်ဗ်ရော့ဗ်၏အဆိုအရ အာဖဂန်နစ္စတန်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် အိုင်အက်စ်တို့များပြားစွာရှိနေခြင်း သည် အလွန်စိုးရိမ်ရကြောင်းနှင့် ၎င်းတို့၏အင်အားမှာ   ထောင်ဂဏန်းအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ထို့အတွက် အိမ်နီးချင်း ဆိုဗီယက်ပြည်ထောင်စုနိုင်ငံဟောင်းများနှင့် ရုရှားနိုင်ငံတို့အပေါ် လုံခြုံရေးခြိမ်းခြောက်မှု များ ဖြစ်ပေါ်လာမည်ကို မော်စကိုအစိုးရအနေဖြင့် အထူးစိုးရိမ်လျက်ရှိကြောင်း သူက ပြောခဲ့သည်။

“သူတို့ဟာ ဗဟိုအာရှမှာရှိတဲ့ ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ဒေသတစ်ကြောမှာ ရှိနေပါတယ်။ ဒါကြောင့် ဗဟိုအာရှထဲကိုဝင်ရောက်လာတဲ့ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ဟာ မြင့်တက်လာပါတယ်။ အဲဒီကနေတဆင့် သူတို့ဟာရုရှားနိုင်ငံထဲကို ဝင်လာဖို့မခက်သလို အခြားနိုင်ငံတွေထဲ ဝင်ရောက်သွားဖို့လည်း မခက်ခဲပါဘူး” ဟု လက်ဗ်ရော့ဗ်က ဆိုခဲ့သည်။

မကြာသေးခင် ရက်သတ္တပတ်များအတွင်း အိုင်အက်စ်တို့နှင့် တာလီဘန်တို့သည် အာဖဂန်နစ္စတန်အတွင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများစွာကို ကျူးလွန်ခဲ့ကြသည်။

ရုရှားအစိုးရသည် အာဖဂန်နစ္စတန်အပေါ်ထားရှိသော ဝါရှင်တန်အစိုးရ၏ မဟာဗျူဟာနှင့်ပက်သက်၍ ထပ်ခါ တလဲလဲဝေဖန်နေပြီး အာဖဂန်အစိုးရနှင့်အတူ ငြိမ်းချမ်းရေးစေ့စပ်ညှိုနှိုင်းမှုအတွင်း ပါဝင်နိုင်ရန် တာလီဘန်များ ကို မေတ္တာရပ်ခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags