လိုက်ဟဲဗီးဝိတ် ချန်ပီယံဖြစ်အောင် အကောင်းဆုံးကြိုးစားသွားမည်ဟု အောင်လအန်ဆိုင်းပြော

လိုက်ဟဲဗီးဝိတ် ချန်ပီယံဖြစ်အောင် အကောင်းဆုံးကြိုးစားသွားမည်ဟု အောင်လအန်ဆိုင်းပြော
ဓာတ်ပုံ - သက်ကို

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ။           ။  One Championship လိုက်ဟဲဗီးဝိတ် ချန်ပီယံဖြစ်အောင် အကောင်းဆုံးကြိုးစားသွားမည်ဟု မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆိုင်းကပြောဆိုလိုက်သည်။

 One Championship နှင့် ဆက်သွယ်ရေးကုမ္ပဏီဖြစ်သော Telenor Myanmar တို့၏ပူးပေါင်းဆောင်ရွက်မှုသတင်းစာရှင်းလင်းပွဲနှင့် အောင်လအန်ဆိုင်းနှင့် ဖိုးသော်တို့ ဝင်ရောယှဉ်ပြိုင်မည့် ONE: QUEST FOR GOLD  ပွဲစဉ်နှင့်ပက်သက်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆို ခဲ့ခြင်းဖြစ်သည်။

 “ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံရအောင်ကျွန်တော် ကျွန်တော်ရည်မှန်းချက်ထားခဲ့ပါတယ်။ အဲ့ဒီ့ဆုကိုရရှိတဲ့အချိန်မှာ ကျွန်တေ်ာ့ပရိတ်သတ်တွေအားလုံးအားပေးတဲ့အတွက် ရရှိတာလို့ကျွန်တော်ယုံကြည်ပါတယ်။ အဲ့ဒီ့ပန်းတိုင်ရောက်ပြီးတော့ နောက်တစ်ခုကဘာလဲဆိုရင် ကျွန်တော်ရဲ့ဝိတ်တန်းအပေါ်က လိုက်ဟဲဘီးဝိတ်ချန်ပီယံ ခါးပတ်ကိုရအောင်ကြိုးစားတာဖြစ်ပါတယ်” ဟုအောင်လအန်ဆိုင်းကဆိုသည်။

 ကမ္ဘာ့လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ်လုပွဲကို လာမည့် ဖေဖော်ဝါရီ ၂၃  ရက်နေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံတွင်ပြုလုပ်သွားမည်လည်းဖြစ်သည်။

 အဆိုပါ ပြိုင်ပွဲအတွက် အောင်လအန်ဆိုင်းအနေဖြင့် မိသားစုနဲ့ဝေးပြီး ၈ပတ်လောက်ကြိုးစားလေ့ကျင့်ထားရကြောင်းလည်းပြောသည်။

မြန်မာ့စပါးအုံးဟုခေါ်သည့် One Championship ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံ  အောင်လအန်ဆိုင်းနှင့် ဘရာဇီးနိုင်ငံမှ အဲလက်ဇန်းဒါး မာခါဒိုတို့သည့် လစ်လပ်လျက်ရှိသည့် ဝမ်းလိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံရှစ် အတွက်ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။

 အဆိုပါကိစ္စနှင့် ပက်သက်ပြီး အဲလက်ဇန်းဒါးမာခါဒိုက ၎င်း၏ဘဝတွင် အကြီးမားဆုံးစိန်ခေါ်ပွဲတစ်ခုဖြစ်ကြောင်းး အဆိုပါသတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။

 အသက် ၃၂ နှစ်အရွယ်ရှိ အောင်လအန်ဆိုင်းသည် မြန်မာ့ကိုယ်ခံပညာအားကစားတွင် အောင်မြင်မှုအရှိဆုံး အားကစားသမားတစ်ဦးဖြစ်ပြီး သူ၏နာမည်ကျော် ချုပ်ကွက်ပညာကျွမ်းကျင်မှုကြောင့်   မြန်မာ့စပါးအုံး ဟု တင်စားခေါ်ဝေါ်ခံနေရခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly