ခါးဆစ်ချော်ခြင်းဖြစ်သူများတွင် မခွဲမစိတ်ဘဲ ကုသနိုင်သော နည်းလမ်းများ

ခါးဆစ်ချော်ခြင်းဖြစ်သူများတွင် မခွဲမစိတ်ဘဲ ကုသနိုင်သော နည်းလမ်းများ

ရေးသားသူ Dr. K Zin Thwe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

အများစုသော ခါးဆစ်ချော်ခြင်း ဝေဒနာခံစားနေရသူများသည် ခွဲစိတ်ကုသမှုခံယူရန် မလိုအပ်ကြပါ။ သောက်ဆေးစားခြင်း၊ လေ့ကျင့်ခန်း ကုထုံးများဖြင့်ကုသခြင်းအားဖြင့် အကျိုးရှိစေသလို စိတ်ချရပါသည်။ အောက်ပါဆောင်းပါးတွင် ထိုကုသမှုများနှင့် ပတ်သတ်ပြီး ဖော်ပြသွားပါမည်။

မခွဲစိတ်ဘဲကုသခြင်း၏ ရည်ရွယ်ချက်

ခွဲစိတ်ကုသခြင်းဖြင့် နာကျင်နေသော ပင်မနေရာကို ဖယ်ထုတ်လိုက်နိုင်ပါသည်။ မခွဲစိတ်ဘဲ ကုသခြင်းဖြင့် ခါးဆစ်ချော်ခြင်း၏ဝေဒနာများဖြစ်သော နာကျင်ခြင်း၊ ထုံကျင်ခြင်းဝေဒနာများကို သက်သာစေမည်ဖြစ်ပါသည်။

မခွဲစိတ်ဘဲကုသခြင်း၏ ရည်ရွယ်ချက်မှာ နာကျင်မှုကို သက်သာစေခြင်း၊ ပုံမှန်လှုပ်ရှားမှုများ ပြုလုပ်နိုင်ခြင်း၊ အကွေးအဆန့်ပြုလုပ်နိုင်ခြင်းတို့ဖြစ်စေသောကြောင့် မခွဲစိတ်ဘဲကုသနိုင်သော နည်းလမ်များသ်ည စနစ်တကျ လုပ်ဆောင်ပါက စိတ်ချရစေပါသည်။

ခါးဆစ်ချော်ခြင်းဖြစ်သူများတွင် မခွဲမစိတ်ဘဲ ကုသနိုင်သော နည်းလမ်းများ နှင့် ခါးစည်းအသုံးပြုခြင်း

သင်သည် လှုပ်ရှားမှုများ ပြုလုပ်တိုင်းနာကျင်မှုကို ခံစားနေရလျှင် နာကျင်မှု သက်သာသွားချိန်အထိ အိပ်ရာပေါ်တွင် တစ်ရက် နှစ်ရက် အနားယူသင့်ပါသည်။ ထို့ပြင် ပက်လက်ကုလားထိုင်တွင် ထိုင်ခြင်း၊ လမ်းလျှောက်ခြင်း မတ်တပ်ရပ်ခြင်းတို့ကို မပြုလုပ်ဘဲနားထားခြင်းတို့ပြုလုပ်ရပါမည်။ သင်သည် လှုပ်ရှားမှုများ အားလုံးကို ရပ်ထားရန်မလိုပါ။ သင့်ကြွက်သားများကို ဒဏ်မဖြစ်စေသော လေ့ကျင့်ခန်းမျာ (ဥပမာ- ရေကူးခြင်း)ကို ပြုလုပ်ပေးခြင်းဖြင့် ခါးနာသောနေရာကို သွေးလည်ပတ်မှုကောင်းစေပြီး အနာသက်သာစေပါသည်။

သင့်ခါးကို အလွန်အကျွံကွေးညွတ်ရသော လေ့ကျင့်ခန်းများနှင့် ကြွက်သားများကို ဒဏ်ဖြစ်စေသည့် ပြင်းထန်လေ့ကျင့်ခန်းများကို ရှောင်ကျဉ်သင့်ပါသည်။

ထို့ပြင် ခါးနာသောနေရာကို အထောက်အပံ့ဖြစ်စေရန် ခါးစည်းအသုံးပြုခြင်းဖြင့် ခါးအနေအထားကိုလည်း မှန်ကန်စေပါသည်။

ဆေးသောက်ခြင်း

ခါးဆစ်ချော်ခြင်းကြောင့် ခါးအရိုးနှင့် ဘေးတဝိုက်ရှိ တစ်သျူးများကို ရောင်ရမ်းစေပါသည်။ ထိုအခါ နာကျင်ခြင်း၊ ကသိကအောင့်ဖြစ်ခြင်းမျာဖြစ်လာခြင်း၊ လှုပ်ရှားလျှင် ပိုနာခြင်းတို့ ဖြစ်စေပါသည်။ သောက်ဆေးများသည် အရောင်ကျစေပြီး နာကျင်မှုများကိုလည်း သက်သာစေပါသည်။ ဆေးဆိုင်များတွင် သင်ကိုယ်တိုင်ဝယ်ယူနိုင်သော Ibuprofen, Naproxem နှင့် Acetaminiophen စသည့်ဆေးများကို သောက်နိုင်ပါသည်။ထိုဆေးများနှင့် မသက်သာပါက ဆရာဝန် ညွှန်ကြားသည့်ဆေးများကို သောက်သင့်ပါသည်။

ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ခြင်း

ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ခြင်းသည် ခါးဆစ်ချော်ခြင်းအတွက် အများဆုံးပြုလုပ်သော ကုသမှုဖြစ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် နာကျင်မှုများကို သက်သာစေပြီး ပုံမှန်အတိုင်း လှုပ်ရှားမှုများကို ပြန်လုပ်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ခါးတဝိုက်ရှိ ကြွက်သားများကို သန်မာစေသောကြောင့် (အထူးသဖြင့် နောက်ကျောနှင့် လည်ပင်းကြွက်သားများ)ကျောရိုးကို အနေအထားမှန်စေပါသည်။

ကြွက်သားများကို ဆန့်ထုတ်ခြင်းဖြင့် သက်တောင့်သက်သာဖြစ်စေပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြုလုပ်နိုင်စေပါသည်။ ကာယလေ့ကျင့်ခန်းများကို နည်းးပြဖြင့်သော်လည်းကောင်း၊ မိမိအိမ်တွင်လည်းကောင်းပြုလုပ်နိုင်ပါသည်။ သင်ဖြစ်နေသော ရောဂါ လက္ခဏာများ အပေါ်မူတည်ပြီး လေ့ကျင့်ခန်းပုံံစံများ ကွာခြားသွားမည်ဖြစ်ပါသည်။ လေ့ကျင့်ခန်း တစ်ဖြတ်လျှင် ၆ ပတ်မှ ၁၂ ပတ်အထိ ကြာမြင့်နိုင်ပါသည်။

အပူ သို့မဟုတ် အအေးကုထုံး

နာကျင်သောနေရာကို အပူ သို့မဟုတ် အအေးကုထုံးဖြင့် ကုသနိုင်ပါသည်။ အအေးဖြင့် ကပ်ပေးခြင်းဖြင့် သွေးကြောများကို ကျဉ်းသွားစေပြီး ရောင်ရမ်းမှုကို လျှော့ချပေးပါသည်။ ထိုကုထုံးကို နာကျင်စေသော လှုပ်ရှားမှုများ ပြုလုပ်ပြီး ချိန်တွင် အသုံးပြုရပါသည်။ အပူသည် သွေးကြောများကို ကျယ်စေပြီး ရောဂါဖြစ်သောနေရာကို သွေးများများရောက်စေပါသည်။ ထို့ကြောင့် အနာကျက်မြန်စေပါသည်။

အပူသို့မဟုတ် အအေးများကပ်ရာတွင် အရေပြားလောင်ကျွမ်းမှုမဖြစ်အောင် ကြားထဲတွင် အဝတ်စဖြစ်စေ တခုခုခံကပ်သင့်ပါသည်။

အကြောပြင်ခြင်း

အကြောပြင်ခြင်းဆိုသည်မှာ ကျောရိုးအနေအထားလွဲနေသောနေရာ၊ ပုံမှန်အတိုင်းမလှုပ်ရှားနိုင်သော နေရာများကို လက် သို့မဟုတ် အကြောပြင်ပစ္စည်းကိရိယာဖြင့် အကြောပြင် ကုသခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုသို့ပြုလုပ်လျှင် အကျောဆစ်များနှင့် ကြွက်သားများတွင် အနည်းငယ် နာကျင်နိုင်ပါသည်။

ခါးအဆစ်ထဲသို့ စတီးရွိုက်အရောင်ကျဆေး ထိုးခြင်း

နာကျင်မှုများ မခံမရပ်နိုင်အောင်ဖြစ်လာသောအခါ ခါးအဆစ်ထဲသို့ စတီးရွိုက်အရောင်ကျဆေး ထိုးခြင်းနည်းဖြင့် သက်သာအောင် ပြုလုပ်နိုင်ပါသည်။ ထိုနည်းကို ခွဲစိတ်ကုသ၍ကောင်းလာနိုင်ချေမရှိသော သူများတွင်လည်း အသုံးပြုပါသည်။

ရောင်ရမ်းမှုများကို လျော့ကျစေရန် ခါးအဆစ်များအတွင်သို့ အရောင်ကျဆေးထိုးခြင်းဖြစ်ပြီး ထိုသို့ ပြုလုပ်ရန် မိနစ် ၃၀ ခန့်ကြာပါသည်။ ဆေး၏အရှိန်သည် ရပ်သတ္တပတ်များစွာမှ နှစ်ချီသည်အထိကြာမြင့်နိုင်ပါသည်။ ဆေးထိုးခြင်းကို အများအားဖြင့် ကာယလေ့ကျင့်ခန်းများမပြုလုပ်မီတွင် ထိုးကြပြီး ဆေးထိုးလိုက်လျှင် လေ့ကျင့်ခန်းများကို ပိုမိုကောင်းမွန်စွာ ပြုလုပ်နိုင်စေရန် ရည်ရွယ်ပါသည်။

ခွဲစိတ်ကုသရန် လိုအပ်လာသောအခါ

ခွဲစိတ်ပြီး ချိန်တွင် နာလန်ထရန်အတွက် အချိန်ယူရပါသည်။ ထို့ကြောင့် သေချာစွာ ဆုံးဖြတ်ပြီးမှ ခွဲစိတ်မှုများ ခံယူသင့်ပါသည်။

သင့်တွင် အောက်ပါတို့ ခံစားနေရပါက ဆရာဝန်က သင့်အား ခွဲစိတ်မှုခံယူရန် အကြံပေးပါလိမ့်မည်။

·       ပြင်းထန်စွာ နာကျင်ခြင်း၊ နာကျင်မှုများ တဖြေးဖြေးဆိုးလာခြင်း

·       အာရုံကြောနှင့် ပတ်သက်သော ပြသနာများ ခံစားနေရခြင်း

·       သင့်ခါးရိုးများ တဖြေးဖြေး မူမမှန်သော အနေအထားဖြစ်လာခြင်း၊ ကုန်းလာခြင်း

·       မခွဲစိတ်ရသော အထက်ပါကုထုံးများကို ခံယူသော်လည်း အခြေအနေတိုးတက်မှု မရှိခြင်း တို့ဖြစ်ပါသည်။

သင့်တွင် ခါးဆစ်ချော်ခြင်းဝေဒနာကို ခံစားနေရပါက မခွဲစိတ်ဘဲကုသသော ကုထုံးများသည် ပိုပြီး စိတ်ချရသလို အကျိုးရှိစေပါသည်။ သို့သော် တခါတရံတွင် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်ပါသည်။ ထို့ကြောင့် သင့်တော်သော ကုသမှုများ ခံယူရန် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly