သူပုန်တွေထိန်းချုပ်ထားရာ အရပ်ကို ဆီးရီးယားစစ်တပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၀၀ ထက်မနည်း သေဆုံး

သူပုန်တွေထိန်းချုပ်ထားရာ အရပ်ကို ဆီးရီးယားစစ်တပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၀၀ ထက်မနည်း သေဆုံး

ဖေဖော်ဝါရီ ၂၀ ။            ။ ဆီးရီးယားသူပုန်တွေထိန်းချုပ်ထားတဲ့ အရှေ့ ဂိုတာအရပ်မှာ အစိုးရစစ်တပ်ကလုပ်ဆောင်ခဲ့တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း ကလေးအယောက် ၂၀ အပါအဝင် အရပ်သား ၁၀၀ ထက်မနည်း သေဆုံးသွားခဲ့တယ်လို့ စောင့်ကြည့်အဖွဲ့တစ်ခုက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်က ဒမတ်စက်မြို့စွန် အဆိုပါ ဆင်ခြေဖုံးအရပ်ကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုမှာတော့ အရပ်သား ရာနဲ့ချီ သေဆုံးခဲ့ရပြီး ဒါဟာ ၂၀၁၅ ခုနှစ်အစောပိုင်းနောက်ပိုင်း  လူအသေအပျောက်အများဆုံး ဖြစ်စဉ်ဖြစ်တယ်လို့ ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့အကြီးအကဲ ရာမီ အဗ္ဗဒယ်လ် ရာမန်က ပြောပါတယ်။

အဆိုပါ အရှေ့ဂိုတာ အရပ်ကိုတော့ ၂၀၁၂ ခုနှစ်လောက်ကတည်းက သူပုန်အုပ်စုက ထိန်းချုပ်ထားတာဖြစ်ပြီး ယခုအချိန်မှာတော့ သမ္မတ ဘာရှာ အယ်လ် အာဆတ်က ယင်းဧရိယာကို ပြန်လည်သိမ်းယူဖို့အတွက် တပ်ဖွဲ့တွေ ထပ်တိုးစေလွှတ်ထားခဲ့ရာကနေ တိုက်ခိုက်မှုတွေ အရှိန်မြင့်လာနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယခုလို အပြစ်မဲ့ အရပ်သားတွေ အမြောက်အမြားသေကျေပျက်စီးမှုတွေ ရှိလာခဲ့တဲ့နောက် တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့ ကုလသမဂ္ဂက  ထုတ်ဖော်တောင်းဆိုသွားပါတယ်။

လက်ရှိအချိန်မှာ ဆီးရီးယား အစိုးရတပ်တွေအနေနဲ့ နောက်ထပ် မြေပြင်ကနေ ချီတက်တိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်လာမယ်လို့ ယုံကြည်ရပြီး ကုလသမဂ္ဂက တော့ ယင်းနိုင်ငံမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ အဆုံးသတ်ဖို့ တိုက်တွန်းသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly