လူငယ်နဲ့ ခရီးသွားခြင်း အနုပညာ ( ၃ )

လူငယ်နဲ့ ခရီးသွားခြင်း အနုပညာ ( ၃ )

ပြီးခဲ့တဲ့ဆွေးနွေးမှုမှာ ဇွဲကပင်တောင်တက် ခရီးသွားခဲ့ခြင်းကို ရေးခဲ့ပါတယ်။ ဇွဲကပင်တောင်ထိပ်ကို လေးနာရီကြာအောင် တက်ခဲ့ရတဲ့အကြောင်းနဲ့ ညရောက်တဲ့အခါ ဇွဲကပင်တောင်ထိပ်က ဘုရားရင်ပြင်တော်ပေါ် စကားဝိုင်းထိုင်ပြောကြတဲ့အခါ ကျောင်းထိုင်ဆရာတော်ဘုရား ပြောပြတာတွေကို နားထောင်ခဲ့ရတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ဒီကနေ့တော့ ဇွဲကပင်တောင်တက်ခရီး နိဂုံးပိုင်းကို ဆက်ပြီးရေးမှာပါ။

တကယ်တော့ ခရီးတစ်ခုသွားတော့မယ်ဆိုရင် ကျွန်တော်က ကိုယ်နှစ်သက်တဲ့ ခရီးသွားမှတ်တမ်းစာအုပ်တွေကို အနည်းဆုံးတစ်အုပ်တလေလောက်တော့ သယ်သွားလေ့ရှိပါတယ်။ ကိုယ်သွားနေတဲ့ခရီးနဲ့ အဲဒီစာအုပ်ထဲက ခရီးသွားအတွေ့အကြုံတွေကို ဖတ်ကြည့်နှိုင်းယှဉ်ခံစားချင်လို့ စာအုပ်ကို ယူသွားခဲ့တာပါ။ ဒီတစ်ခေါက် ခရီးသွားတော့လည်း ဆရာမြသန်းတင့်ရဲ့ “ငွေသောင်ယံ ဟွန်ဒါယဉ်ကျေးမှု မေရီပိုဗေးနှင့် အီကွေတာညများ” ခရီးသွားစာအုပ်ကို ယူသွားခဲ့ပါတယ်။

ဆရာမြသန်းတင့်ရဲ့ ခရီးသွားစာအုပ်က တနင်္သာရီဘက် ခရီးထွက်ရင်းက သူ တွေ့ကြုံမြင်ရတဲ့ အကြောင်းအရာတွေကို ရေးထားတာပါ။ ဒါပေမယ့်လည်း သူက ခရီးသွား အတွေ့အကြုံတွေကို သည်အတိုင်း မရေးပါဘူး၊ အဲဒီခရီးနဲ့ ပတ်သက်ယှက်နွယ်တဲ့ သမိုင်းအချက်အလက်တွေနဲ့ တခြားအကြောင်း အရာတွေကိုလည်း တဆက်တစပ်တည်း ကြားညှပ်ပြီး ရေးတာတွေ့ရပါတယ်။ ဒီတော့မှာပဲ ကျနော်လည်းပဲ ခရီးသွားတဲ့အခါ ဘယ်လိုတွေး ဘယ်လိုမြင် ဘယ်လိုသုံးသပ်သင့်သလဲဆိုတဲ့ အချက်တွေကို ပိုပြီးသိလာရတာပါ။

အခု ဇွဲကပင်တောင်တက်တဲ့အခါ အပျော်သက်သက် ခရီးမဖြစ်ရအောင် ကျနော် သတိထားပါတယ်။ ဇွဲကပင်တောင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဆက်စပ်အကြောင်းအရာတွေကို တတ်နိုင်သလောက် ရသလောက်အချိန်အတွင်း မေးမြန်းစုဆောင်း မှတ်သားရပါတယ်။

ဇွဲကပင်တောင်ဟာ ကရင်ပြည်နယ်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဂုဏ်ယူဖွယ်တောင်ပါပဲ။ ဒီတောင်ရဲ့ သမိုင်းအချက်အလက်တွေထဲမှာ ဒန္တာရီဆန်တာတွေလည်း ရှိပါတယ်။ ဒီအထဲမှာ ယုတ္တိဗေဒအရအခြေခံပြီး စဉ်းစားလက်ခံသင့်တဲ့အချက်ကတော့ မွန်တွေ ယုံကြည်လက်ခံကြတဲ့ အချက်တစ်ချက် ရှိပါတယ်။ မွန် လူကြီးသူမတွေဟာ ဒီတောင်ကို “ဇဝယ်ကဗန်”တောင်လို့ခေါ်ခဲ့ကြကြောင်း၊ “ဇဝယ်” ဆိုတာက ညောင်ပင်ပါ။ “ကဗန်”ဆိုတာက အချဉ် အချဉ်ပင်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ညောင်ချဉ်ပင်ဖြစ်တယ်လို့ ယူဆရပါတယ်။ တချိန်က ဒီနေရာ ဒီတောင်ကြီးမှာ ညောင်ချဉ်ပင်များ   ပေါများပေါက်ရောက်ရာနေရာဖြစ်လို့ “ဇဝယ်ကဗန်” လို့ ခေါ်ခဲ့ကြကြောင်း၊ နောက်တော့မှ “ဇဝယ်ကဗန်တောင်”ကို “ဇွဲကပင်တောင်”ဆိုပြီး   ရွေ့လျားခေါ်ဆိုလာကြခြင်း ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဒါ့အပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းအချက်အလက်ပေါ်မူတည်ပြီး ဒီနေရာကြီးဟာ လွန်ခဲ့သောတချိန်က ပင်လယ်ဆိပ်ကမ်းတစ်ခုဖြစ်ဖွယ်ရှိကြောင်း ယူဆချက်လည်း ရှိပါသေးတယ်။

“စစ်ကဲကြီးဦးနော်”ရေးသားပြုစုတဲ့ မွန်စေတီတော်သမိုင်းပေါင်းချုပ်စာအုပ်မှာ ဒီတောင်ဟာ တချိန်တုန်းက နိုင်ငံရပ်ခြား သဘောၤ လှေ ဖောင်တွေ ဆိုက်ကပ်ချည်နှောင်ရာ တွယ်ကပ်ရာ နေရာဖြစ်လို့ “ဒိုးကရွယ်ကဗန်း” လို့ ခေါ်ကြကြောင်း တလိုင်ကရင်တွေက ယူဆကြတယ်လို့ ဆိုပါတယ်။ “ဒိုး”ဆိုတာက “တောင်”၊ “ကရွယ်”ဆိုတာက ချည်သည် ဖွဲ့နှောင်သည် “ကဗန်း”ဆိုတာက လှေ သဘောၤ ဖေါင် ဖြစ်ပါတယ်။ “လှေ သဘောၤ ဖေါင်တို့ ဆိုက်ကပ်ချည်နှောင်ရာနေရာ”ပေါ့။ ဒီအချက်ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျိုက်ထီးရိုးတောင်ကြီးဟာလည်း ဘူမိဗေဒပညာရှင်များအဆိုအရ တချိန်က ပင်လယ်ဆိပ်ကမ်း တနေရာဖြစ်ဖွယ်ရှိကြောင်းနဲ့ သထုံမြို့ဟာ တချိန်က ပင်လယ်ဆိပ်ကမ်းမြို့အမှန်တကယ်ဖြစ်ခဲ့ကြောင်း ယူဆချက်တွေအရ အခု စစ်ကဲကြီးဦးနော်ရဲ့ဘုရားသမိုင်းစာအုပ်ပါ ဒီအချက်ဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ဖြစ်ကြောင်း သိခဲ့ရပါတယ်။

ဇွဲကပင်တောင်ပေါ်မှာ ဘုရားဖူးခရီးသည်တွေရဲ့ ဆွမ်းကျန်ထမင်းကျန်နဲ့ စားစရာပေးကမ်းမှုကို လာစားကြတဲ့ မျောက်တွေကိုလည်း တွေ့ခဲ့ရပါတယ်။ လူတွေကြား မကြောက်မရွံ့တိုးကပ်လာရောက် အစာတောင်းကြပါတယ်။ ဒီမျောက်တွေဟာ ညကြတော့ ဘုရားစေတီနဲ့ လူနေအဆောင်တွေဆီက ပျောက်သွားကြပါတယ်။ ဆရာတော်ဘုရားရဲ့ပြောစကားအရ ညကြတော့ မျောက်တွေက တောင်ပေါ်က သစ်ပင်သစ်ကိုင်းတွေကြားနဲ့ ကျောက်ဂူတွေထဲ ဝင်ရောက်အိပ်စက်ကြတဲ့အကြောင်း သိရပါတယ်။ တဆက်တစပ်တည်း သိရတဲ့အချက်က ဒီတောင်ကြီးပေါ်မှာ လူတွေ မထိမတွေ့မရောက်ဘူးသေးတဲ့ ကျောက်ဂူကြီးတွေ အသေအချာရှိနေသေးတယ်ဆိုတဲ့ အချက်ပါပဲ။

နောက်တနေ့မနက်ရောက်တဲ့အခါ ပထမကတည်းက စဉ်းစားထားခဲ့တဲ့အတိုင်း အိပ်ရာက မနက် လေးနာရီလောက်ကတည်းက ထခဲ့ကြပါတယ်။ ထွက်ပြူလာမယ့်နေရောင်ခြည်တွေကို စောင့်ကြည့်ကြဖို့ ဓါတ်ပုံရိုက်ကြဖို့ဖြစ်ပါတယ်။  လက်လွတ်သွားမှာစိုးလို့ ခတ်စောစောပဲ အိပ်ရာထကြရပါတယ်။

ဇွဲကပင်တောင်ထိပ်ပေါ်က လှေကားထစ် သုံးဆယ်လောက်ဆင်းရင် တောင်ခါးပမ်းတနေရာမှာ အရေးပေါ် ရဟတ်ယာဉ်ဆင်းစရာနေရာ ကွက်လပ်တစ်ခုရှိပါတယ်။ တချိန်က အာဏာပိုင်အကြီးအကဲတွေ တောင်ပေါ်ဘုရားလာဖူးတဲ့အခါနဲ့ တယ်လီဖုန်းတာဝါတိုင်ကြီးဆောက်စဉ်တုန်းက အဲဒီ ရဟတ်ယာဉ်ကွင်းကို အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီ ရဟတ်ယာဉ်ကွင်းအစပ်မှာ ဘာသစ်ပင်မှမရှိပါဘူး။ ရဟတ်ယာဉ်ကွင်းဆောက်စဉ်က သစ်ပင်တွေ ခုတ်ထွင်ရှင်းလင်းထားရာနေရာဖြစ်လို့ ပတ်ဝန်းကျင်ကို အဆီးအကာမရှိ မြင်နိုင်တဲ့နေရာဖြစ်နေပါတယ်။ နေထွက်လာရာ အရှေ့ဘက်ကို အကာအကွယ်မရှိ ကြည့်လို့ရတဲ့နေရာပါပဲ။ ကျနော်တို့လူသိုက် အဲဒီကွက်လပ်ဆီဆင်းတော့ နေရောင်ခြည် နီပြပြမျဉ်းကြောင်းကြီးကို စပြီမြင်နေရပါပြီ။ ကျနော်တို့အားလုံး စိတ်လှုပ်ရှားတက်ကြွစွာ ဇွဲကပင်တောင်ထိပ်ပေါ်က မြင်ကြရတဲ့ နံနက်ဆည်းဆာမြင်ကွင်းတွေကို ဓါတ်ပုံရိုက်ကြပါတယ်။

မြင်ကွင်းတွေဟာ တနေရာနဲ့တနေရာ မတူပါဘူး။ တောင်တန်းတွေအဆင့်ဆင့် မြင်နေရတာ နေရောင်ခြည်တွေက တောင်တန်းတွေကို တလွှာချင်စီ မြင်လို့ရအောင်ဖြစ်လာနေတာ၊ အနီရောင်၊ အပြာရောင်၊ နီညိုရောင် နေရောင်ခြည်တွေက တောင်ထိပ်၊ တောင်ခါးပြတ်အနားသပ်တွေကို တဖြေးဖြေး ထင်ရှားသည်ထက် ထင်ရှားလာရလေအောင် လင်းလင်းချင်းချင်းဖြစ်လာနေတာ၊ နောက်တော့ တောင်အောက်က အပြားလိုက်မြင်နေရတဲ့ ဖါးအံမြို့ကြီး။ ခဏနေတော့ မြူတွေ ရုတ်တရက်ရောက်လာပြီး တောင်ထွတ်တချို့ကလွဲ တောင်ပေါ်တောင်အောက် အကုန်လုံးမြူတွေနဲ့ဖုံးသွားခဲ့တာ၊ နောက်တော့မှ မြူတွေတဖြေးပါးလျားသွားကြရပြီး လှပလွင့်မျော ကျယ်ပြန့်ဆန်းသစ်လှတဲ့မြင်ကွင်းကြီးကို ပြန်မြင်လာကြရပါတယ်။

အဲဒီနေ့က ကျနော်တို့လူသိုက် တောင်ပေါ်က မနက် ကိုးနာရီမှာ ပြန်ဆင်းကြပါတယ်။ တောင်ပေါ်ကပြန်ဆင်းတော့ တက်လာစဉ်တုန်းက အသုံးပြုခဲ့တဲ့ မြေသားတောင်တက်လမ်းအတိုင်း ပြန်မဆင်းကြပါဘူး။ ကွန်ကရစ်လှေကားထစ်တွေအစအဆုံးရှိတဲ့ တောင်ဆင်းလမ်းအတိုင်း ပြန်ဆင်းကြတာပါ။ နေ့လည် ၁၂ နာရီထိုးကာနီးတဲ့အချိန် တောင်အောက်ကို ပြန်ရောက်ကြပါတယ်။

ကဲ အခုဆိုရင် ဇွဲကပင်တောင်တက်ခဲ့တဲ့ ခရီးစဉ်တစ်ခုကို ကျနော် ပြန်ပြောပြခဲ့ပါတယ်။ ဒီခရီးစဉ်က ကျနော်တို့ကို ဘယ်လိုအကျိုးကျေးဇူးတွေရခဲ့သလဲ။

ပထမအချက်ကတော့ ကျနော်တို့ရဲ့ ကျန်းမာရေးသက်လုံကို စမ်းသပ်နိုင်ခဲ့ကြတယ်လို့ ပြောနိုင်ပါတယ်။ ကျနော်ဆိုရင် အသက်အရွယ်ကြီးရင့်ပြီဖြစ်လို့ ဇွဲကပင်တောင်တက်ခရီးကို တောင်ပေါ်အထိရောက်အောင် တက်မှတက်နိုင်ပါ့မလားလို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပြီးမှတက်ခဲ့ရတာပါ။ အတူတက်ကြတဲ့ အပေါင်းအသင်းတွေက ကျနော့်ထက် ဆယ့်ငါးနှစ် နှစ်နှစ်ဆယ်လောက် ငယ်ရွယ်ကြသူဖြစ်လို့ သူတို့တောင်မှ တက်နိုင်ဖို့ ကျားကုတ်ကျားခဲကြိုးစားရတာဖြစ်လို့ ကျနော့်အပေါ်စိုးရိမ်ခဲ့ကြပါတယ်။ သံသယရှိခဲ့ကြပါတယ်။ ဒါပေမယ့် ကျနော့်ကိုယ်ကျနော် စမ်းသပ်နိုင်ခဲ့တယ်။ စိတ်ကော ခန္ဓာကိုယ်ပါ စမ်းသပ်မှုအောင်မြင်ခဲ့တယ်လို့ ပြောရမှာပါ။

နောက်တစ်ချက်ကတော့ သတင်းအချက်အလက်တွေ စုဆောင်းနိုင်ခဲ့တဲ့အချက်ဖြစ်ပါတယ်။ ဒီသတင်းတွေထဲကမှ ယုတ္တိဗေးကျကျ သတင်းအချက်အလက်တွေ စီစစ်ရွေးချယ် မှတ်သားနိုင်ခဲ့ပါတယ်။

နောက်တစ်ချက်က ဇွဲကပင်တောင်ခရီးကို ကမ္ဘာလှည့်ခရီးသည်တွေ အာရုံကျလာအောင် အောင်မြင်တဲ့ ကမ္ဘာလှည့်ခရီးစခန်းတစ်ခုဖြစ်အောင် လုပ်လို့ရနိုင်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဒါ့အပြင် ဒေသခံလူထုရဲ့ ရင်ခုန်သံတွေ၊ ဘဝတွေနဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေကို တစေ့တစေါင်း လေ့လာသိမြင်ခွင့်ရခဲ့ပါတယ်။

ဒါ့အပြင် ဒီအတွေ့အကြုံ ဒီသတင်းအချက်အလက်တွေအပေါ်မူတည်ပြီး ကိုယ့်ဘဝကို၊ ကိုယ့်နိုင်ငံကို၊ ဒေသခံလူထုကို ဘယ်လိုအကျိုးရှိလာအောင်လုပ်ရင် ရနိုင်မလဲဆိုတဲ့အတွေးတစကို ထုတ်ယူလို့ရနိုင်ပါတယ်။ ဒီလိုအချက်တွေအပေါ်မူတည်ပြီး ကိုယ့်ဘဝကို ကိုယ့်လူမျိုးနဲ့ ကိုယ့်တိုင်းပြည်အပေါ် ပိုမိုချစ်ခင်တန်ဘိုးထားလိုတဲ့စိတ်တွေ ရလာနိုင်တယ်ဆိုတဲ့ အကျိုးသက်ရောက်မှုကိုလည်း ရလာနိုင်စေပါတယ်။

ကဲ လူငယ်များ ခရီးထွက်ခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရလာနိုင်တယ်။ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ခရီးထွက်သင့်တယ်၊ ဘယ်လို ချဉ်းကပ်စဉ်းစားသင့်တယ်ဆိုတဲ့အချက်တွေကို ကျနော် ဆွေးနွေးခဲ့ပြီးပါပြီ။

လူငယ်များ ခရီးများများ ထွက်နိုင်ကြပါစေ။

လူငယ်တို့ရဲ့ မိုးကောင်းကင် ကြည်လင်တောက်ပ မွှေးမြနိုင်ကြပါစေ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

အပိုင်း( ၁) အပြည့်အစုံ ဖတ်ရှုရန် - mizzimaburmese.com/article/37377

အပိုင်း( ၂ ) အပြည့်အစုံ ဖတ်ရှုရန် - http://www.mizzimaburmese.com/article/37438

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly