မိုဇမ်ဘစ်နိုင်ငံ၌ အမှိုက်ပုံပြိုကျ၍ လူပေါင်း ၁၇ဦးထက်မနည်း သေဆုံး

မိုဇမ်ဘစ်နိုင်ငံ၌ အမှိုက်ပုံပြိုကျ၍ လူပေါင်း ၁၇ဦးထက်မနည်း သေဆုံး

 

မာပူတို၊ မိုဇမ်ဘစ်၊ ဖေဖေါ်ဝါရီ ၂၀ ။             ။ မိုဇမ်ဘစ်နိုင်ငံရှိ မြို့တော်မာပူတိုမြို့မှ လူဆင်းရဲများနေထိုင်သောရပ်ကွက်၌ အမှိုက်ပုံကြီးပြိုကျပြီး အနီးအနားရှိ အိုးအိမ်များအပေါ် ပိကျသွားခဲ့သောကြောင့် လူပေါင်း ၁၇ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ဆိုခဲ့သည်။

ဒလဟောရွာသွန်းခဲ့သောမိုးကြောင့် အမှိုက်ပုံကြီးထဲမှ စွန့်ပစ်ပစ္စည်းများသည် အနီးအနားရှိတဲကုပ်များပေါ်သို့ ပြိုကျသွားခဲ့ချိန်တွင် တဲအတွင်းနေထိုင်သူများသည် အိပ်ပျော်နေခဲ့ကြသောကြောင့် အတွင်း၌ပိတ်မိကာ သေဆုံးခဲ့ကြခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုခဲ့သည်။ ယင်းဖြစ်စဉ်သည် လွန်ခဲ့သော တနင်္ဂနွေနေ့ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြိုကျသွားခဲ့သော အမှိုက်ပုံကြီး၏အောက်တွင် ပိတ်မိနေသူများစွာ ကျန်ရှိနေနိုင်သေးကြောင်း မိုဇမ်ဘစ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူများက ဆိုခဲ့သည်။

“ဒေသအာဏာပိုင်တွေထံက ရရှိထားတဲ့အချက်အလက်တွေအရ အမှိုက်ပုံနားမှာနေထိုင်တဲ့ လူအရေအတွက် ဟာ သေဆုံးသူအရေအတွက်ထက်ကို ပိုမိုများပြားနေပါတယ်။ ဒါကြောင့် နောက်ထပ်သေဆုံးသူများ၊ ပျောက်ဆုံးသူများ ရှိနိုင်သေးသလားဆိုတာကို ဆက်လက်ရှာဖွေနေပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ဆိုခဲ့သည်။

“ကျွန်မ ဒီနေရာမှာပဲနေထိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မမှာ သွားစရာနေရာမရှိလို့ပါ။ အစိုးရကသာ ကျွန်မကို တခြားနေရာမှာ သွားနေဖို့ပြောမယ်ဆိုရင် ကျွန်မဒီကနေထွက်သွားမှာပါ” ဟု ထိုအမှိုက်ပုံအနီး၌ နေထိုင်သူတစ်ဦး က ဆိုခဲ့သည်။ သူမ၏မိသားစုနေထိုင်သော တဲပုတ်ကလေးသည် အမှိုက်ပုံပြိုကျမှုကြောင့် ပျက်စီးသွားခဲ့ပြီး သူမ၏ သားငယ်လေးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု သူမက ဆိုခဲ့သည်။

“ဒီအမှိုက်ပုံကြီးဟာ ဝင်ဆံ့တာထက်ကျော်လွန်သွားတာကြောင့် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ပိတ် သိမ်းသင့်နေတာကြာပါပြီ။ ဒါပေမယ့် ဒီအမှိုက်ပုံကြီးပေါ်မှာပဲ သူတို့က အမှိုက်တွေကို လာပြီးပုံနေကြပါတယ်။ အကျိုးဆက်ကတော့ အခုလိုမျိုးဖြစ်လာတာပါပဲ” ဟု အဆိုပါပတ်ဝန်းကျင်၌နေထိုင်သူတစ်ဦးက ဆိုခဲ့သည်။

မာပူတိုမြို့တွင် လွန်ခဲ့သောတနင်္ဂနွေနေ့ကတည်းက မိုးသည်းထန်စွာရွာသွန်းနေခဲ့ပြီး အိုးအိမ်များ၊ လမ်းမများ နှင့် ကျောင်းများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly