ကွမ်းသီးစျေးနှုန်း ကျဆင်းနေခြင်းကြောင့် ခြံပိုင်များနှင့်ပွဲရုံများ အရှုံးပေါ်

ကွမ်းသီးစျေးနှုန်း ကျဆင်းနေခြင်းကြောင့် ခြံပိုင်များနှင့်ပွဲရုံများ အရှုံးပေါ်

မန္တလေး၊ဖေဖော်ဝါရီ ၁၉ ။            ။ ကွမ်းသီးဈေးနှုန်းကျဆင်းလာသည့်အတွက် ကွမ်းသီးခြံပိုင်များနှင့် အရောင်းအဝယ်ပြုလုပ်နေသူများ အရှုံးပေါ်လျှက်ရှိသည်ဟု မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်မှ ကွမ်းသီးခြံပိုင်များနှင့် ကွမ်းသီးပွဲရုံအချို့ထံမှ သိရသည်။

လက်တလောတွင် ကွမ်းရွက်ဈေးတက်နေသော်လည်း ကွမ်းသီးဈေးမှာ ထိုးကျနေခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိသည်။

"အရင်က ဒီရာသီဆို ကွမ်းသီးဈေးက အကောင်းဆုံးပဲ။ အခုက တက်ရိပ်ကိုမပြဘူး။ ကွမ်းရွက်ဈေးတက်ရင် ကွမ်းသီးဈေးက ကျတာ ထုံးစံပဲ။ ဒါပေမယ့် အခုလို ခေါက်ချိုး ဈေးမကျဘူး။   လောလောလတ်လတ်ကတော့ အလုပ်သမားခရှုံးနေတယ်။ အရောင်းအဝယ်ကတော့မပျက်ဘူး။ ဈေးကျလို့ဆိုပြီး ရပ်ထားလို့လည်း မရဘူး"ဟု ကွမ်းခြံပိုင်ရှင် ဦးမျိုးဇော်ကပြောသည်။

ယခင်က ယခုလိုရာသီချိန်တွင် ကွမ်းသီးတစ် ပိဿာ ၈၀၀၀ကျပ်နှင့် ၉၀၀၀ကျပ်ကြားတွင်ရှိနေပြီး လတ်တလောတွင် ကွမ်းသီးတစ်ပိဿာ ၃၀၀၀ကျော်သာ ရရှိကြောင်း သိရသည်။

မတ္တရာမြို့နယ်အတွင်းတွင် မိရိုးဖလာလုပ်ငန်းအနေဖြင့် ကွမ်းသီးခြံများကိုလုပ်ကိုင်လျှက်ရှိရာ လက်ရှိအနေအထားအတိုင်း ကွမ်းသီးဈေးများ ဆက်လက်ကျဆင်းလာဦးမည်ဆိုပါက ကွမ်းသီးပင်စိုက်ပျိုးခြင်းအစား အခြားနှစ်ရှည်သီးနှံပင်များ ပြောင်းလဲစိုက်ပျိုးသွားရန် စီစဉ်ဆောင်ရွက်နေသူတစ်ချို့လည်းရှိသည်။

"မိဘလက်ငုတ်လေးမို့ လုပ်နေတာပါ။ ကွမ်းသီးဈေးလေးအသင့်သင့် ရှိတယ်ဆိုရင်တော့ အစဉ်ပြေပါတယ်။ ဒီလိုမဟုတ်ပဲ ဆက်ကျနေရင်တော့ ငှက်ပျောလေး၊ သရက်လေးပြောင်းစိုက်ဖို့ စီစဉ်ထားတယ်။ ကွမ်းသီးပင်အကုန်တော့ မရှင်းပါဘူး။ တစ်ချို့ချန်ထားပြီး ဈေးကောင်းတော့ ဆက်လုပ်တာပေါ့။ ကွမ်းသီးက မတ္တရာကို ဘယ်မြို့ကမှ မမီဘူး။ အကောင်းဆုံးပဲ"ဟု ကွမ်းသီးခြံပိုင်ရှင် ဦးသက်တင်ကပြောသည်။

ကွမ်းသီးပွဲရုံပိုင်ရှင် တစ်ဦးဖြစ်သူတစ်ဦးက"အရှုံးဆုံးက ကျွန်တော်တို့လို ပွဲရုံတွေပဲ။ လှောင်ဈေးတောင်မရသလိုဆိုတော့ ရှုံးတယ်။ ကွမ်းသီးခွံသင်တဲ့ အလုပ်သမားခတို့ ကွမ်းသီးအိတ်ထည့် အလုပ်သမားခတို့ရှုံးတာပေါ့။ ပွဲရုံဆိုတော့လည်း ဒီလိုပဲဆက်လုပ်နေရတယ်။ ဘာကြောင့်အခုလို ဈေးကျတယ်ဆိုတာတော့မသိဘူး။ အဝယ်၊အရောင်းကတော့ ပုံမှန်ပဲ။ ဈေးလေးကျတာတစ်ခုပဲ။ ဈေးလေးပြန်ကောင်းမယ်လို့ မျှော်လင့်ပါတယ်” ဟုပြောသည်။

မတ္တရာမြို့နယ်အတွင်းတွင် ကွမ်းသီးပွဲရုံပေါင်း ၅၀ ကျော်ရှိပြီး မြန်မာပြည့်အနှံ့ ဖြန့်ချီရောင်းချလျှက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly