ပျက်ကျသွားသည့် ခရီးသည်တင်လေယာဉ်ကို ယခုအချိန်ထိ ပြန်ရှာမတွေ့သေးဟု အီရန်ပြော

ပျက်ကျသွားသည့် ခရီးသည်တင်လေယာဉ်ကို ယခုအချိန်ထိ ပြန်ရှာမတွေ့သေးဟု အီရန်ပြော

ဖေဖော်ဝါရီ ၁၉ ။              ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်က လူပေါင်း ၆၆ ဦးလိုက်ပါသွားသည့် အီရန် ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျသွားခဲ့ပြီးနောက် ယခုအခါ အဆိုပါ ပျက်ကျလေယာဉ်ကို ရှာမတွေ့နိုင်သေးဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာတော့ အီရန်ကယ်ဆယ်ရေးအဖွဲ့တွေဟာ လေယာဉ်ပျက် တည်ရှိရာနေရာကို ခြေရာခံ တွေ့ရှိနိုင်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရာသီဥတု ဆိုးရွားပြီး တောင်ကုန်းထူထပ်တဲ့ မြေပြင်အနေအထားကြောင့် လေယာဉ်ပျက် ရှိရာနေရာကို ရှာမတွေ့နိုင်သေးဘဲ ဖြစ်နေရတယ်လို့ ဆိုပါတယ်။

အီရန် လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ အက်စ်မန် လေကြောင်းလိုင်းက အဆိုပါ ခရီးသည်တင်လေယာဉ်ဟာ ယမန်နေ့တုန်းက နိုင်ငံအနောက်တောင်ပိုင်း ယာဆုမြို့ဆီ ဦးတည်ပျံသန်းသွားရင်းနဲ့ ရေဒါကနေ ပျောက်ကွယ်သွားတာဖြစ်ပါတယ်။

ယင်းလေယာဉ်ကတော့ ဆီမီရွမ်မြို့ အနီးတောင်ကုန်းတစ်နေရာမှာ ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

ယင်းလေယာဉ်ပျက်ကျမှုနဲ့ပတ်သက်လို့ လေယာဉ်ပေါ်လိုက်ပါသွားသူ အားလုံး သေဆုံးသွားပြီ ဖြစ်ကြောင်း ယမန်နေ့က လေကြောင်းလိုင်း ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားထားခဲ့ပါတယ်။

ယင်းနှင့်ပတ်သက်လို့ ယခုအချိန်မှာတော့ အာဏာပိုင်တွေက တိတိကျကျ ထုတ်ပြန်ထားခြင်း မရှိသေးဘဲ အီရန်နိုင်ငံပိုင် ရုပ်သံမှာတော့ လေယာဉ်ပေါ်လိုက်ပါသွားသူ အားလုံး သေဆုံးသွားပြီဟု ယုံကြည်ရကြောင်း ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly