တရုတ်ရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စီမံကိန်းကို တန်ပြန်နိုင်မယ့် စီမံကိန်းတစ်ခု ဖော်ဆောင်ဖို့ သြစတြေးလျ၊ အမေရိကန်၊ အိန္ဒိယနှင့် ဂျပန်တို့ ဆွေးနွေး

တရုတ်ရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စီမံကိန်းကို တန်ပြန်နိုင်မယ့် စီမံကိန်းတစ်ခု ဖော်ဆောင်ဖို့ သြစတြေးလျ၊ အမေရိကန်၊ အိန္ဒိယနှင့် ဂျပန်တို့ ဆွေးနွေး

ဖေဖော်ဝါရီ ၁၉ ။             ။ လက်ရှိအချိန်မှာ တရုတ်တို့ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြုပ်နှံမယ့် ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် မဟာစီမံကိန်းကြီး (Belt and Road Initiative) ကို ပြန်လည်တန်ပြန်နိုင်မယ့် အလားတူ စီမံကိန်းတစ်ခု ထူထောင်ဖော်ဆောင်သွားဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်တို့ အကြားဆွေးနွေးနေလျက်ရှိတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဒါဟာ ပေကျင်းအစိုးရရဲ့ ဒေသတွင်း သြဇာအရှိန်အဝါ  တိုးမြင့်ဖြန့်ကျက်နေမှုအပေါ် တန်ပြန်ဟန့်တားနိုင်ဖို့ အထက်ပါနိုင်ငံတွေဘက်က ရည်ရွယ် ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။

ယခုအခါမှာတော့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်တို့ အနေနဲ့ Belt and Road Initiative အတွက် အလှည့်အပြောင်း ရွေးချယ်စရာတစ်ခုအဖြစ် ဒေသတွင်းအခြေခံအဆောက်အအုံ ပူးပေါင်း အစီအစဉ်ကြီးတစ်ခု ထူထောင်ဖို့ ဆွေးနွေးနေလျက်ရှိကြောင်း အမေရိကန် အဆင့်မြင့်အရာရှိကြီးတစ်ဦးကို ကိုးကားပြီး သြစတြေးလျသတင်းစာ Australian Financial Review  မှာ ဖော်ပြပါတယ်။

ဒေသတွင်း ပူးပေါင်းဘက် နိုင်ငံလေးခု ပူးပေါင်းလုပ်ဆောင်မယ့် ယခု အစီအစဉ်ကတော့ ခုမှ ကနဦး အစပျိုးရုံသာ ရှိနေကြောင်း၊ တရားဝင် အသိပေးထုတ်ဖော်ကြေညာဖို့ စောသေးကြောင်း အဆိုပါ အမည်မဖော်လိုသူ အမေရိကန်အရာရှိကြီးက ပြောသွားတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ယခုလို ၎င်းတို့ နိုင်ငံလေးနိုင်ငံ ဖော်ဆောင်ဖို့ ဆွေးနွေးနေတဲ့ စီမံကိန်းကတော့ တရုတ်ရဲ့ Belt and Road Initiative ကို ရန်ဘက်လို သဘောထားပြိုင်ဆိုင်တာထက် အခြားရွေးချယ်စရာ အလှည့်အပြောင်းအနေနဲ့သာ ရည်ရွယ်ဖော်ဆောင်မှာ ဖြစ်တယ်လို့လည်း အဆိုပါ အရာရှိကြီးက ပြောသွားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly