စစ်ကိုင်းတိုင်း တမူးမြို့၌ ချင်းအမျိုးသားနေ့ ၃ ရက်ကြာ ကျင်းပနေ

စစ်ကိုင်းတိုင်း တမူးမြို့၌ ချင်းအမျိုးသားနေ့ ၃ ရက်ကြာ ကျင်းပနေ

 

မုံရွာ၊ ဖေဖော်ဝါရီ ၁၉။                      ။  စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၌ နှစ် ၇၀ ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၀ ရက်အထိ ၃ ရက်ကြာ တမူးမြို့၊   ပြည်သူ့အားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းနေထိုင်ကြသော ချင်းတိုင်းရင်းသားများ လာရောက်ကြမည်ဖြစ်ပြီး အဝေးရောက်နေသော ချင်းတိုင်းရင်းသားများ ပြန်လည်တွေ့ဆုံနိုင်ရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းက ပြောသည်။

"ချင်းလူမျိုးတွေက စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော်တော်များများမှာ ပျံ့နှံ့နေတယ်။ ဥပမာဆို မုံရွာမှာတောင် ရှိတယ်။ ကလေးမြို့မှာက အများဆုံးပေါ့။ အဲ့ဒီလို တစ်နေရာစီ နေထိုင်ကြတဲ့ ချင်းလူမျိုးတွေ ပြန်လည် ဆုံတွေ့နိုင်ကြတဲ့ ပွဲလေးလည်းဖြစ်ပါတယ်" ဟု ဦးလာလ်ထောင်ထန်းက ပြောသည်။

ယမန်နှစ်က ၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားမှစတင်ကာ တိုင်းဒေသကြီးကိုယ်စားပြုအဖြစ် ကလေးမြို့တွင်ကျင်းပခဲ့ပြီး ယခုနှစ်သည် ဒုတိယအကြိမ်မြောက် ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ချင်းတိုင်းရင်းသားများသည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း၌ ကလေးမြို့၊နှင့်တမူးမြို့၊ ဟုမ္ပလင်းမြို့တို့တွင် အများဆုံးနေထိုင်ကြပြီး မိမိ၏မဲဆန္ဒနယ်၌ ချင်းတိုင်းရင်းသား တစ်သိန်းခြောက်သောင်းကျော် ရှိကြောင်း သိရသည်။

"ပြည်သူ့အားကစားကွင်းမှာ (၃) ရက်ကြာ ကျင်းပနေတာ ဖြစ်ပါတယ်။ ချင်းရိုးရာ အကတွေနဲ့ ဖျော်ဖြေမှုတွေ ရှိပါတယ်။ ခေတ်ပေါ်စတိတ်ရှိူးအကတွေနဲ့လည်း ဖျော်ဖြေနေပါတယ်။" ဟု တမူးမြို့နယ် ဒေသခံ ကိုအောင်နိုင်က ပြောသည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရာက်မည့် နှစ် (၇၀) ပြည့် ချင်းအမျိုးသားနေ့အခမ်းအနားအား ရိုးရာ ယဉ်ကျေးမှုအကအလှများ၊ ဝတ်စားဆင်ယင်မှုများဖြင့် ဖေဖော်ဝါရီ ၁၈ ရက်မှ စတင်ကာ (၃)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly