တောင်ကိုရီးယားမှာ တွေ့ရမယ့် ထူးခြားတဲ့ အနက်ရောင် အဆောက်အအုံ

တောင်ကိုရီးယားမှာ တွေ့ရမယ့် ထူးခြားတဲ့ အနက်ရောင် အဆောက်အအုံ

ဖေဖော်ဝါရီ ၁၉ ။              ။ တောင်ကိုရီးယားနိုင်ငံမှာတော့ ထူးထူးခြားခြားပဲ အနက်ရောင် အဆောက်အအုံကြီးတစ်ခုကို တည်ဆောက်ဖန်တီးထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ယင်းအဆောက်အအုံကတော့ ခုဆိုရင် ကမ္ဘာပေါ်က ကာလာအနက်ဆုံး (အမှောင်မိုက်ဆုံး) အဆောက်အအုံလည်း ဖြစ်လာခဲ့ပါတယ်။

ယင်းကိုတော့ တောင်ကိုရီးယားနိုင်ငံ ပြုံချန်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအတွင်း ဧည့်ပရိသတ်တွေ လေ့လာကြည့်ရှုလို့ ရအောင် ပြသပေးနေလျက်ရှိပါတယ်။

အဆိုပါ ထူးခြားတဲ့ အနက်ရောင် အဆောက်အဦးကြီးကိုတော့ လန်ဒန်အခြေစိုက် ဗိသုကာပညာရှင် အဆစ် ခန်က ဒီဇိုင်းထုတ်ပေးပြီး Hyundai Motor က တာဝန်ယူ တည်ဆောက်ခဲ့တာပါ။

ထောင့်မှန်စတုဂံ ပုံစံ ယင်းအဆောက်အအုံကတော့ အိုလံပစ် အားကစားရုံတစ်ခုအနီးမှာ တွေ့ရမှာဖြစ်ပြီး ထူးခြားမှုအနေနဲ့ကတော့ VantaBlack VBx2 လို့ခေါ်တဲ့ ပစ္စည်းသစ် တစ်မျိုးနဲ့ သုတ်လိမ်းထားတာဖြစ်ပါတယ်။ အဆိုပါ VantaBlack VBx2 ကတော့ အဆောက်အဦး မျက်နှာပြင်ကို လာထိတဲ့ အလင်းရဲ့ ၉၉ ရာခိုင်နှုန်းနီးပါးကို စုပ်ယူနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

အဆောက်အဦးကြီးရဲ့ အပြင်ဘက်ပိုင်းကတော့ စကြဝဠာအစုအဝေးကို ကိုယ်စားပြုပြီး အလင်းစက်ပေါင်း နှစ်ထောင်နီးပါး အဆောက်အဦး မျက်နှာပြင်မှာ ပေါ်ထွက်နေအောင် ဖန်တီးထားပါတယ်။

အဆောက်အအုံ အပြင်ဘက်က အနက်ရောင်အတိပြီးနေတယ်ဆိုပေမယ့် ယင်းရဲ့ အတွင်းဘက်ကို ဝင်သွားလိုက်တာနဲ့ လာရောက်လေ့လာကြည့်ရှုသူ ဧည့်သည်တွေအနေနဲ့ ပထမဆုံးမှာပဲ အဖြူရောင် အခန်းတစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။ ယင်းအခန်းထဲမှာတော့ အဖြူရောင် ရေစက်လေးတွေထောင်နဲ့ချီ ကြမ်းပြင်မှာ တစ်ရွေ့ရွေ့ ရွေ့လျားနေသလိုဖြစ်အောင် ဖန်တီးပေးထားတယ်လို့ သိရပါတယ်။

" ဒါတွေကျတော့ အရမ်းကို သန့်ရှင်းစင်ကြယ်တဲ့ အနာဂတ် လူ့အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြု ဖော်ပြပေးတာဖြစ်ပါတယ်၊ ဒီ ရေစက်လေးတစ်စက်စီတိုင်းက လျှပ်စစ်ကားတွေကို ကိုယ်စားပြုပါတယ်" ဆိုပြိး Hyundai Motor ရဲ့ Creative Works ဌာန မန်နေဂျာ အီဝန် ကင်မ်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly