ဧရာဝတီတိုင်းကျေးရွာများရှိ SME လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးလျှင် ကျပ် ၅ သိန်းစီ အသေးစား ချေးငွေ ထုတ်ပေး

ဧရာဝတီတိုင်းကျေးရွာများရှိ SME လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးလျှင် ကျပ် ၅ သိန်းစီ အသေးစား ချေးငွေ ထုတ်ပေး

 

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၉ ။                        ။ ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာမှ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးလျှင်   မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ ကျပ် ၅ သိန်းစီ ထုတ်ချေး ပေးခဲ့သည်။

အသေးစားချေးငွေများအား မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ အဆိုပါ ကျေးရွာ ၁၂ ရွာမှ အမျိုးသမီး ၁ဝ၄  ဦးကို ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်၊ ရန်ကုန်၊ ဒဂုံမြို့နယ်၊ MWEA Tower၊ ၄ လွှာတွင် အခမ်းအနားပြုလုပ်ပြီး ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

“ ကျေးလက်တွေက အမျိုးသမီးတွေက ပန်းစိုက်ချင်တယ်။ ကွမ်းစိုက်ချင်တယ်။ ပြင်ပ အရောင်းအဝယ်တွေ လုပ်ချင်တယ်ဆိုပြီး သူတို့တွေက အန်တီတို့ဆီကို စာတင်ကြပါတယ်။ သူတို့ရဲ့နောက်မှာ ကျေးရွာမှာရှိတဲ့ ရပ်မိရပ်ဖနဲ့ ကျေးရွာအုပ်ချုပ်ရေးတို့ကနေပြီးတော့ ထောက်ခံပေးမယ်ဆိုပြီး စာတင်လာ တဲ့အချိန်မှာ အန်တီတို့က စိစစ်ပြီးတော့ သူတို့ကိုပေးတယ်ပေါ့နော်။ ဒီနောက်မှာတော့ အန်တီတို့ကို ပြီးခဲ့တဲ့ သုံးလလောက်ထဲက ရွာ ၉ ရွာက အမျိုးသမီး ၈ဝ လောက်ကနေပြီးတော့ ပန်းစိုက်ဖို့အတွက်ရယ်၊ ကွမ်းစိုက်ဖို့ အတွက်ကိုပေါ့နော် မတည်ရင်းနှီးငွေရချင်ပါတယ်လို့ တင်ထားပါတယ်။ ဒါပေမယ့် အန်တီတို့ကလည်း ငွေပြန်ပြီး လုံးနေရတဲ့အတွက် အခုမှပဲ သူတို့ကို စုစည်းပြီးတော့ ဒုတိယအကြိမ်ထုတ်ပေးခြင်းဖြစ်ပါတယ်”ဟု မြန်မာ အမျိုး သမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ ဥက္ကဌ ဒေါ်လှဝတီက ပြောသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်းများ လုပ်ကိုင်နေသော အမျိုးသမီးဦးရေ ၁ဝ၄ ဦးအနက် ဦးရေ ၈ဝ အား ချေးငွေ ကျပ် ၅ သိန်းစီ ထုတ်ပေးခဲ့ပြီး ယခင်ချေးထားသောချေးငွေ တစ်နှစ်ပြည့်သည့်အတွက် ပြန်ဆပ်ခဲ့သည့် အမျိုးသမီး ၂၄ ဦးကိုမူ ကျပ်ငွေ ၃ သိန်းစီ ထပ်မံထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ လူဦးရေ ပမာဏအများစုဖြင့်  အသေးစားချေးငွေထုတ်ပေးခဲ့ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်တွင် အမျိုးသမီးဦးရေ ၉ဝ ကို ပထမဆုံးအကြိမ်အဖြစ် အသေးစားချေးငွေ စတင်ထုတ်ပေးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ထုတ်ပေးလိုက်သည့် ချေးငွေ သက်တမ်းမှာ ၁၂ လ သတ်မှတ်ထားပြီး လုပ်ကိုင်မည့် လုပ်ငန်းအပေါ် မှုတည်၍ ၆ လတစ်ကြိမ် ဝန်ဆောင်ခနှင့် မတည်ငွေတစ်ဝက်   ပြန်လည်ပေးဆပ်ရသည့်စနစ်နှင့် ၁၂ လစာ မတည်ငွေ ပြန်လည်ပေးဆပ်သည့် စနစ်ဟူ၍ ခွဲထားကြောင်း သိရသည်။

“ ဒီကချေးပေးတဲ့ပိုက်ဆံနဲ့ တော်တော်အဆင်ပြေပါတယ်။ ဒီပိုက်ဆံနဲ့ ကွမ်းစိုက်တယ်။ အမတို့ ကလေးတွေ အတွက် ကျောင်းစရိတ်လည်း ရတယ်။ အိမ်ဝင်ငွေလေးလည်း အဆင်ပြေပါတယ်။ ဒီမှာက အတိုးက ၂ ကျပ် နှုန်းပြန်ဆပ်ရတယ်လေ။ ၃ ကျပ်ပေးရမှာဆိုပေမယ့် ရွာမှာ တစ်ကျပ်ကို  ရံပုံငွေအဖြစ် ထားပေးထားပါတယ်။ အပြင်မှာ ပိုက်ဆံချေးမယ်ဆိုရင် အတိုးက ၁ဝ ၊ ၁၅ ကျပ်လောက်ဆိုတော့ အခုချေးပေးတဲ့ အတိုးက ကျွန်မတို့ အတွက် အရင်ကထက်ပိုပြီး တော်တော်လေးအဆင်ပြေပါတယ်”ဟု ထီဆိပ်ဘုရားစုကျေးရွာမှ ကွမ်းစိုက်ပျိုးသူ မမိုးဆွေဦးက ပြောသည်။

မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ အသေးစားလုပ်ငန်း လုပ်ကိုင်လိုသည့် ကျေးလက်နေ အမျိုးသမီးများကို သက်သာသည့် အတိုးနှုန်းဖြင့်   ချေးငွေထုတ်ပေးခြင်းမှာ   ကျေးလက်နေပြည်သူများ နေ့စဉ်ဝင် ငွေတိုးပြီး လူနေမှုအဆင့်အတန်းမြင့်မားစေရန်၊ ကျေးလက်နေ အမျိုးသမီးများ၏ စွမ်းဆောင်ရည်နှင့် လုပ်ကိုင် နိုင်စွမ်း မြင့်မားတိုးတက်စေရန် နှင့် ဆင်းရဲနွမ်းပါးမှုနှုန်း ကျဆင်းစေရန် ရည်ရွက်ချက်ဖြင့် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly