သက်ငယ်မုဒိမ်း၊ လူသတ်မုဒိမ်းများ သေဒဏ် ပေးရေးလှုပ်ရှားမှု အရှိန်မြှင့်တင်လာ

သက်ငယ်မုဒိမ်း၊ လူသတ်မုဒိမ်းများ သေဒဏ် ပေးရေးလှုပ်ရှားမှု အရှိန်မြှင့်တင်လာ
ဓာတ်ပုံ - သက်ကို

 

ရန်ကုန် ဖေဖော်ဝါရီ ၁၉ ။                ။ သက်ငယ်မုဒိမ်း၊ လူသတ်မုဒိမ်းများ သေဒဏ် ပေးရေး ဥပဒေပြဋ္ဌာန်းနိုင်ရန် လက်မှတ်ရေးထိုးရေး လှုပ်ရှားမှုတစ်ရပ်ကို ယနေ့ ဖေဖော်ဝါရီ လ ၁၉ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ အရှေ့ဒဂုံ၊ ၁၃၃ ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။

ယင်းလက်မှတ်ရေးထိုးရေးလှုပ်ရှားမှုကို 4 Women Voice အဖွဲ့က ဦးဆောင်လှုပ်ရှားခဲ့ပြီး၊ အရှေ့ဒဂုံ မြို့နယ် ရပ်ကွက်အတွင်းက ပြည်သူများလည်း ပူးပေါင်းပါဝင်ခဲ့သည်။

 သေဒဏ်ပေးသည့်ဥပဒေပြဋ္ဌာန်းလျှင် မုဒိမ်းမှု များ လျော့ကျသွားနိုင်သည်ဟု ယင်းလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ 4 Women Voice အဖွဲ့က တေး သံရှင် လီလီနိုင်ကျော်က မဇ္ဈိမသို့ ပြောသည်။

 "မုဒိမ်းသမားကို ထိထိရောက်ရောက်ပြစ်ဒဏ်ပေး လိုက်လို့ရှိရင် ရှေးရှေးတုန်းက အစ်မတို့ မြန်မာ နိုင်ငံမှာလည်း ရှိပါတယ်၊ ဂျပန်ခေတ်တုန်းက လားမသိဘူး၊ ခိုးတဲ့လူကို လက်ဖြတ်ပစ်၊ ကိုယ် ခိုးတာက နည်းနည်းလေး၊ ကိုယ့်လက်ကြီး ဖြတ် ပစ်ခံရမှာဆိုတော့ လူတိုင်းကြောက်တာပေါ့၊ အဲ ဒါမျိုး ပြစ်ဒဏ်ပေးလိုက်ရင်၊ သူတို့ကျူးလွန်တဲ့ အပြစ် ထက် ပိုပြီး ထိရောက်တဲ့ပြစ်ဒဏ်ပေးမယ် ဆိုရင် လူတိုင်းလူတိုင်း ကြောက်လာမှာပါ၊ အဲ ဒါမျိုးဖြစ်လာအောင် နိုင်ငံတော်က လုပ်ပေး စေချင် တာ ဒါကြောင့် ဒီကမ်ပိန်းလုပ်နေတာ" ဟု တေးသံရှင် လီလီနိုင်ကျော်က ပြောသည်။

 လက်မှတ်ရေးထိုးလှုပ်ရှားမှုမှာ ယနေ့ နံနက် ပိုင်းမှာတင် လက်မှတ်ပေါင်း ၃၀၀ ကျော် ရရှိခဲ့ ကြောင်း သိရသည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနှင့်လည်း ပြည်သူတွေ၏ တောင်းဆိုမှုတွေကို ဆောင်ရွက်ပေးစေချင်သည်ဟု လက်မှတ်ထိုးကမ်ပိန်း တွင် ဦးဆောင်လှုပ်ရှားနေသည့် ဒေါ်မြမြခိုင်က ပြောသည်။

 "လူထုခေါင်းဆောင်အနေနဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်တဲ့နေရာမှာ ပြည်သူရဲ့ဆန္ဒကို လိုက် လျောတာ ဒီမိုကရေစီဖြစ်တဲ့အတွက် အခု ပြည်သူတွေရဲ့အမှန်တစ်ကယ်လိုအပ်နေတဲ့ လိုအပ်ချက်၊ အဲဒီအတွက်ကို လုပ်ပေးစေချင်တယ်၊ ဒီဟာကို လုံးဝပြင်းထန်တဲ့စီရင်ချက် သတ်မှတ် ပေးစေချင်တယ်" ဟု လက်မှတ်ထိုးကမ်ပိန်း တွင် ဦးဆောင်လှုပ်ရှားနေသည့် ဒေါ်မြမြခိုင်က ပြော သည်။

 " ဒီမုဒိမ်းမှုတွေကိ အစ်မတို့ကတော့ သေဒဏ်ပဲ ပေးစေချင်တာ၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒါမှ အရှေ့က အဲဒီလို လုပ်ပြထားမှ နောက်လူတွေ လည်း အခုလိုမျိုး ထပ်ချည်းတလဲလဲမလုပ်ဖြစ် အောင်ပေါ့၊ အဲဒီလို ရှေ့က ပဏာမပြတဲ့အနေနဲ့ သေဒဏ်ပေးစေချင်တယ်၊ အကုန်လုံးကို" ဟု လက်မှတ်ရေးထိုးခဲ့သူ အမျိုးသမီးတစ်ဦးက လည်း ပြောသည်။

 ယခုလပိုင်းအတွင်း သက်ငယ်မုဒိမ်း၊ လူသတ်မုဒိမ်းများ သေဒဏ်ပေးရေးလှုပ်ရှားမှုများကို အခြား မြို့နယ်များတွင်လည်း အရှိန်မြှင့်တင်လာ ပြီး ယခုလက်မှတ်များကို လွှတ်တော်သို့ တင်ပြ သွားနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

 ယနေ့လက်မှတ်ရေးထိုးလှုပ်ရှားမှုကို နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ပြု လုပ်နေ ခြင်းဖြစ်ပြီး ဖေဖေါ်ဝါရီ ၂၀ရက်တွင်လည်း ဗဟန်းဈေး ရှေ့ ရွှေတိဂုံဘုရားအနီးတွင် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 ရန်ကုန်တိုင်းတွင် ပြီးခဲ့သည့်၂၀၁၇ ခုနှစ်က လူသတ်မှုနှင့် ဓားပြမှုများ လျော့နည်းသွားပြီး မုဒိမ်းမှုနှင့်လုယက်မှုများ သိသိသာသာ တိုးလာသည် ဟု တိုင်းရဲတပ်ဖွဲ့ကလည်း ထုတ်ပြန်ထားသည်။၂၀၁၇ ခုနှစ်တွင် လူသတ်မှု ၁၅၆ မှု၊ လုယက်မှု ၄၅ မှုနဲ့ မုဒိမ်းမှု ၂၇၀ မှု ဖြစ်ခဲ့သည်။

 မုဒိမ်းမှုတွင် အရွယ်ရောက်ပြီး ပြုကျင့်ခံရမှု ၈၄ မှု၊ ခိုးယူပေါင်းသင်းပြီး ပြုကျင့်ခံရမှု ၁၁၆ မှုနှင့် သက်ငယ်မုဒိမ်းပြုကျင့်ခံရမှု ၇၀ ရှိခဲ့ ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly