အရက်နာကျတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

အရက်နာကျတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

သောကြာနေ့လိုမျိုး ညတွေမှာ တစ်ပတ်တာပင်ပန်းသမျှကိုဖြေဖျောက်တဲ့အနေနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့တွေ့ပြီး ပျော်ပျော်ရွှင်ရွှင် သောက်ကြစားကြတာမျိုးရှိကြမယ်ထင်ပါတယ်။ တစ်ခါတစ်လေ သူငယ်ချင်းတွေစုမိကြတဲ့အခါ ကိုယ်သောက်နိုင်တဲ့ပမာဏထက်ပိုပြီး သောက်မိသွားတာမျိုးလည်း ကြုံဖူးကြမှာပါ။ ဒီလိုများသွားတာက သောက်တုန်းတော့ သိပ်မသိသာပေမယ့်   နောက်တစ်နေ့ရောက်တဲ့ အခါမှာတော့ အရက်နာကျတဲ့ခံစားမှုကို စတင်ခံစားရပြီလေ။ အရက်နာကျတာကို သက်သာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။
အရက်နာကျတယ်ဆိုတာက

အရက်နာကျတာက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ အရက်နာကျတဲ့အခါ ခေါင်းကိုက်မယ်၊ မအီမသာဖြစ်ပြီး ပျို့အန်ချင်သလိုဖြစ်နေမယ်၊   ခြေကုန်လက်ပန်းကျနေမယ်၊ ခန္ဓာကိုယ်မှာ ရေဓာတ်ကုန်ခန်းသလိုဖြစ်နေတာ တွေပါပဲ။ အရက်နာကျတဲ့သူတွေမှာ အဖြစ်များဆုံးလက္ခဏာက ခန္ဓာကိုယ်မှာ ရေဓာတ်ကုန်ခန်းနေသလို ခံစားရတာပါပဲ။

အရက်နာကျတဲ့အခါ အာရုံစိုက်ဖို့မလွယ်တာမျိုးဖြစ်နိုင်သလို စိတ်ထဲမကြည်မလင်ဖြစ်နေတာမျိုးလည်းရှိနိုင်ပါတယ်။ အရက်နာကျရတဲ့အဓိကအကြောင်းအရင်းကတော့ အရက်ထဲမှာပါတဲ့ အီသနောပါပဲ။ အီသနောက အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး  ဆီးခဏခဏသွားစေတာကြောင့် ခန္ဓာကိုယ်ထဲက ရေဓာတ်ကိုဆုံးရှုံးစေပါတယ်။

အရက်နာကျတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

ရေသောက်ပါ – ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်စေဖို့အတွက် ရေသောက်ပေးဖို့လိုပါမယ်။ ရေများမာျးသောက်ပေးလေလေ ခန္ဓာကိုယ်ထဲက အဆိပ်ဖြစ်စေတဲ့အရာတွေကို သန့်စင်နိုင်လေလေပါ။ ဖြစ်နိုင်ရင်တော့ ညဘက်အရက်သောက်နေချိန်မှာကိုက ရေကို သောက်ပေးသင့်တာပါ။

ရေဓာတ်ပြည့်ဝစေမယ့် ဖျော်ရည်တွေသောက်ပေးပါ – ရေသောက်ပေးရုံနဲ့ ရေဓာတ်ကုန်ခန်းသွားတာတွေကို ဖြည့်နိုင်ပြီလို့ မဆိုသာပါဘူး။ အရက်နာကျတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဆားဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်ကိုပါ ဆုံးရှုံးနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် အရက်နာကျနချေိန်မှာ အချိုရည်၊ အုန်းရည်လိုမျိုးအရာတွေကို သောက်သုံးပေးလို့ရသလို စွပ်ပြုတ်တစ်ခုခုကိုသောက်ပေးလို့လည်းရပါတယ်။

မနက်စာစားပေးပါ – ညကအရမ်းများသွားပြီး နောက်တစ်နေ့နိုးလာချိန်မှာ ခေါင်းကမကြည်မလင်ဖြစ်နေခဲ့ရင်တောင် မနက်စာကိုလုံးဝမစားဘဲနေတာမျိုး မလုပ်ပါနဲ့။ အစားအစာတွေမှာပါတဲ့ Electrolytes  တွေက ခန္ဓာကိုယ်ကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်သလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လိုရီတွေကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ အရက်နာကျနေတဲ့အခါ ကြေလွယ်တဲ့အစားအစာကို စားသုံးမိဖို့တော့လိုအပ်ပါတယ်။ ပေါင်မုန့်မီးကင်၊ခရက်ကာတို့စားသုံးပေးပါ။ ဒီအစားအစာတွေက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏကို ဖြည့်တင်းပေးနိုင်ပါတယ်။

ချင်းနည်းနည်းစားပေးပါ – ချင်းက အရက်နာကျတာကြောင့် မအီမသာဖြစ်တာနဲ့အော့အန်တာကို သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ အရက်သောက်တာများသွားတဲ့အခါ ရေနွေးပူပုထဲကို ချင်းတစ်ပြားလောက်ထည့်သောက်တာမျိုးဖြစ်ဖြစ်၊ ချင်းကိုပါးပါးလေးလွှာပြီး ဝါးစားတာမျိုးဖြစ်ဖြစ်လုပ်ပးပါ။

ကညွတ်စားပေးပါ – ကညွတ်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ခန္ဓာကိုယ်ဆဲလ်တွေက အယ်လ်ကိုဟော ကိုချေဖျက်နိုင်စွမ်းကိုတိုးစေနိုင်ပါတယ်။ ကညွတ်က အယ်လ်ကိုဟောကြောင့် ခန္ဓာကိုယ်မှာရေရှည်ထိခိုက်နိုင်ခြေတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ ကညွတ်က အရက်နာကျတာကို သက်သာစေနိုင်သလို အရက်ကြောင့် အသည်းထိခိုက်ပျက်စီးတာကိုလည်း ကာကွယ်ပေးပါတယ်။

ငှက်ပျောသီးစားပေးပါ – အရက်နာကျတဲ့အခါ ခန္ဓာကိုယ်မှာ ပိုတက်ဆီယမ်နဲ့ ဆားဓာတ်တွေလျေ့ကျနေတတ်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးလိုမျိုး ပိုတက်ဆီယမ်ပါတဲ့ အသီးတွေစားသုံးပေးပါ။ အငန်ဓာတ်ပါတဲ့ မုန့်ကြွပ်လေးတွေစားသုံးပေးလို့လည်းရပါတယ်။ အငန်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေက ခန္ဓာကိုယ်က ရေဓာတ်တေါဆုံးရှုံးမှုမရှိအောင် တားဆီးပေးနိုင်ပါတယ်။

အရမ်းများသွားလို့ အရက်နာကျနေတဲ့သူတွေအနေနဲ့ အခုပြောပြခဲ့တဲ့ အစားအသောက်နည်းလမ်းတွေအတိုင်း လုပ်ကြည့်ပြီး အရက်နာကျတာကို သက်သာအောင်လုပ်ကြည့်ကြဖို့တိုက်တွန်းလိုပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly