အိန္ဒိယမှာ မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်လို့ လူ ၁၈ ဦး သေဆုံး

အိန္ဒိယမှာ မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်လို့ လူ ၁၈ ဦး သေဆုံး

 

ဖေဖော်ဝါရီ ၁၉ ။               ။ အိန္ဒိယနိုင်ငံအနောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်က မင်္ဂလာဆောင်တစ်ခု ဆင်ယင်ကျင်းပနေစဉ် ဂက်စ်အိုးပေါက်ကွဲမှု ဖြစ်ပြီး လူပေါင်း ၁၈ ဦး သေဆုံးခဲ့ရတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

နိုင်ငံအနောက်ပိုင်း ရာဂျက်စတန် ပြည်နယ် ဘီးဝါးမြို့က ဟိုတယ်တစ်ခုမှာ အဆိုပါ မင်္ဂလာဆောင်အခမ်းအနား ကျင်းပနေစဉ်မှာပဲ ယခုလို ဂက်စ်အိုးပေါက်ကွဲမှုကြီး ဖြစ်ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်ကတော့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဟိုတယ်ရဲ့ အပျက်အစီးတွေအကြားကနေ ရုပ်အလောင်း ၉ လောင်း ထပ်မံရရှိခဲ့ပြီးနောက် သေဆုံးသူ ဦးရေဟာ ၁၈ ဦးထိ ရှိလာခဲ့တာဖြစ်ကြောင်း သိရပါတယ်။

သေဆုံးသူတွေထဲမှာတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း ပါဝင်နေခဲ့ပါတယ်။

" ခုထက်ထိတော့ ဒီမီးလောင်ပေါက်ကွဲမှုဖြစ်သွားတဲ့နေရာကနေ အလောင်း ၁၈ လောင်း ပြန်တွေ့ထားပြီးပါပြီ" လို့ အက်ဂျ်မာ ဒေသ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဂေါရက်ဗ် ဂွိုင်ယယ်လ်က ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန်ရသွားသူ ငါးဦး ရှိပြီး ၎င်းတို့ကို ဆေးရုံကို တင်ပို့ထားရတယ်လို့လည်း ၎င်းက ပြောပါတယ်။

ယင်း ပေါက်ကွဲမှုကတော့ ဟိုတယ်ရှိ မီးဖိုချောင်တစ်ခုမှာ ဂက်စ်အိုးပေါက်ကွဲရာကနေ စပြီး မီးလောင်သွားခဲ့တာဖြစ်တယ်လို့လည်း မျက်မြင်တွေ့ရှိသူတွေက ပြောသွားပါတယ်။

အခင်း ဖြစ်ပွားရာနေရာကိုတော့ ပြည်နယ် ဝန်ကြီးချုပ် ဗာဆန်ဟာရာ ရာဂျီး ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ယင်းဖြစ်စဉ်အတွင်း သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တစ်စုစီကို နစ်နာကြေး ရူပီး ၂၀၀,၀၀၀ စီ ထုတ်ပေးသွားမယ်လို့ ၎င်းက ကြေညာသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly