ယခုနှစ်ဆန်းပိုင်းနှစ်လအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် ကန်တစ်ဒေါ်လာလျှင် ၃၃ ကျပ်အထိ ကျဆင်း

ယခုနှစ်ဆန်းပိုင်းနှစ်လအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် ကန်တစ်ဒေါ်လာလျှင် ၃၃ ကျပ်အထိ ကျဆင်း

 

ယခု ၂၀၁၈ နှစ်ဆန်းပိုင်း ဖေဖော်ဝါရီလတတိယပတ်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း အရ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၃၃ ကျပ်နီးပါး ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။

၂၀၁၈ ဇန်နဝါရီလ ၂ ရက်နေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းမှာ အမေရိကန်တစ်ဒေါ်လာ ကို  မြန်မာငွေ ကျပ် ၁၃၆၁ ကျပ်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၁၃၂၈ ကျပ်ကို ရောက်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာတန်ဖိုးမှာ ၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

လက်ရှိ  ဒေါ်လာဈေးနှုန်း ကျဆင်းနေတာနဲ့ ပတ်သက်ပြီး ဘဏ်လုပ်ငန်းရှင်ပညာရှင် ဦးစံသိန်းက " ဒါဟာ Seasonal ဖြစ်တယ်။ ဒီအချိန်မှာ ဒေါ်လာတွေက Supply များတယ်။ တိုးရစ်တွေ လာတယ်။ Foregin Investment လာတယ်ဆိုရင် ဒေါ်လာငွေ ဝင်လာတယ်။ ဒါကြောင့် ဒေါ်လာ Supply များတယ်။ အဲဒီအချိန်မှာပဲ အခုဟာက ပွင့်လင်း ရာသီဖြစ်တဲ့ အတွက်ကြောင့်လူတွေ ပဲတို့လို သီးနှံတွေကို ဝယ်ကြတယ်။ အဲဒီအခါကြ သူတို့က မြန်မာငွေတွေ ဆွဲထုတ်ကြ တယ်။ မြန်မာငွေက Demand များပြီးတော့ ဒေါ်လာက Supply များတယ်။ အဲဒီ အခါကြ မြန်မာငွေ Strong ဖြစ်လာတယ်" ဟု ဆိုသည်။

ပြည်တွင်းငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ငွေတန်ဖိုးကျဆင်းကာ မြန်မာငွေတန်ဖိုးများ မြင့်တက် လာသော်လည်း ငွေတန်ဖိုးအတက်အကျများခြင်းသည် ကောင်းမွန်ခြင်းမရှိပဲ  စီးပွားရေးအားကောင်းသည့်နိုင်ငံ များ နည်းတူ ငွေကြေးတန်ဖိုးများ တည်ငြိမ်နေစေရန် လိုအပ်ကြောင်း   သိရသည်။

ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက '' အခု NLD အစိုးရရဲ့ လက်ထက်မှာ ဒေါ်လာဈေးနှုန်းက အတက်အကျတော့ မကြမ်းဘူး။ အရင်ထက်ပိုပြီးတည်ငြိမ်လာတယ်လို့တော့ ပြောကြ တယ်။ အခုလို ဒေါ်လာဈေးကျတာက ကောင်းတဲ့လူတွေ ရှိသလို၊ မကောင်းတဲ့သူတွေလည်း ရှိတယ်။ ဥပမာ CMP သမားတွေ ဆိုရင် ပြည်တွင်းမှာ လုပ်ခလစာကို ကျပ်ငွေနဲ့ပေးရတာဖြစ်တဲ့အတွက် ဒေါ်လာဈေးကတာဟာ သူတို့မှာ ပြသနာနည်းနည်းရှိတယ်။ ဒါပေမယ့် သွင်းကုန်သမားတွေကတော့ သူတို့မှာ အမြတ်ပိုကျန်တယ်။  အဆင်ပြေတယ်။ အဲဒီတော့ ကုန်ဈေးနှုန်းလည်း ကျလာနိုင်မယ်လို့ မှန်းကြတာပေါ့။ ဒါပေမယ့် ဈေးနှုန်း အပြောင်းအလ ဲကြီးမားတာကိုတော့ လုပ်ငန်းရှင်တွေက မလိုလားကြပါဘူး။ ဒါကြောင့် ဒေါ်လာဈေးနှုန်းကို တည်ငြိမ်စေဖို့လိုပါတယ်"ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဒေါ်လာဈေးနှုန်းကို ပိုမိုတည်ငြိမ်မှုရှိစေရန်နှင့် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းနှင့် ပြင်ပပေါက်ဈေးများအကြား ကွာခြားချက် နည်းပါးအောင် ဆောင်ရွက်မည်ဟု ပြောကြားမှုများရှိနေပြီး ယင်းသို့ ဆောင်ရွက်နိုင်ပါက ပြည်တွင်းကုန်ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း များ လည်း ကျဆင်းလာနိုင်ကြောင်း ယင်းက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly