နွေရာသီတွင်ချယ်လ်ဆီးမှ ထွက်ခွာဖွယ်ရှိဟု ဟာဇက်ဝန်ခံ

နွေရာသီတွင်ချယ်လ်ဆီးမှ ထွက်ခွာဖွယ်ရှိဟု ဟာဇက်ဝန်ခံ

ဖေဖော်ဝါရီ ၁၉၊ လန်ဒန်။          ။ စတမ်းဖို့ဒ်ဘရစ်ချ်တွင်ပျော်ရွှင်နေသော်လည်း နွေရာသီတွင်ချယ်လ်ဆီးအသင်းမှ ထွက်ခွာဖွယ်ရှိနေသည်ဟု ဟာဇက်က ဝန်ခံပြောဆိုလိုက်သည်။

ဘယ်လ်ဂျီယံတောင်ပံကစားသမားကို စပိန်ထိပ်သီးရီးယဲလ်မက်ဒရစ်အသင်းကစိတ်ဝင်စားနေပြီး ချယ်လ်ဆီးအသင်းက ကစားသမားကိုဆက်မထိန်းနိုင်ပါက ရီးယဲလ်အသင်းအတွက်အကျိုးရှိသွားနိုင်သည်။

ပီအက်စ်ဂျီအသင်းကလည်း ၎င်းတို့၏ အကျော်အမော်တိုက်စစ်အစုအဖွဲ့တွင် ဟာဇက်ကိုပါထည့်သွင်းနိုင်ရန် မဖြစ်မနေကြိုးပမ်း လာဖွယ်ရှိသည်။

အသင်းနှင့် စာချုပ်သစ်ကိုလက်မှတ်ထိုးရခြင်းမရှိသေးသည့် အသက် ၂၇ နှစ်အရွယ်ကစားသမားက အနာဂါတ်တွင် အသင်းပြောင်းဖွယ်ရှိနေသည်ဟု ပြောသည်။

ဘယ်လ်ဂျီယံသတင်းစာတယ်လီဖွတ်နှင့်အင်တာဗျူးတွင် “ကျွန်တော့်စာချုပ်သက်တမ်းက နှစ်နှစ်ကျန်ပါသေးတယ်။ ဒီမှာလည်း အရမ်းနေလို့ကောင်းပါတယ်။ ပရိသတ်တွေကချစ်ကြသလို မိသားစုကလည်းဒီမှာပျော်နေပြီ။ ကျွန်တော်တို့ကြည့်ရမှာပဲ။

ဘောလုံးမှာက ဘာမဆိုဖြစ်နိုင်သလို ဘာမှဖြစ်မလာတာလည်းရှိပြန်တယ်။ နှစ်တိုင်းလိုလို ရီးယဲလ်သို့မဟုတ် ပီအက်စ်ဂျီလို့ သူတို့ပြောကြတယ်။ ကျွန်တော်ပြောင်းချင်တဲ့အခါ ပြောင်းမှာပါ။ အခုတော့ဒီမှာအဆင်ပြေပါတယ်”ဟု ဟာဇက်ကပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly