လူငယ်နဲ့ ခရီးသွားခြင်းအနုပညာ ၂

လူငယ်နဲ့ ခရီးသွားခြင်းအနုပညာ ၂

 

ဒီကနေ့လည်း လူငယ်တွေ ခရီးသွားခြင်းနဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးပါဦးမယ်။

ဆွေးနွေးမယ်ဆိုတာထက် ကျနော် သွားရောက်ခဲ့ဖူးတဲ့ခရီးတစ်ခုကို အနည်းငယ်ရှင်းပြပြီး ခရီးတစ်ခုကပေးတဲ့ အကျိုးကျေးဇူးတချို့ ထုတ်နှုတ်ပြောပြချင်တဲ့သဘောပါပဲ။ ပြီးတော့မှ အဲဒီအခရီးအပေါ် ပြန်လည်သုံးသပ်ပြီး လူငယ်တွေ ဘာ့ကြောင့်ခရီးသွားသင့်တယ်ဆိုတဲ့အချက်ကို ပြောမှာပါ။

ပြီးခဲ့တဲ့လကုန်ရက်ထဲ ကရင်ပြည်နယ် ဖားအံမြို့နယ်ထဲက ဇွဲကပင်တောင်ခရီး ကျနော်သွားခဲ့ပါတယ်။

အော် စကားညှပ်ပြီးပြောရပါဦးမယ်။ တလောက ရုပ်သံလွှင့်အစီစဉ်တစ်ခုထဲ တက္ကသိုလ်ကျောင်းသူလေးတစ်ဦးက ပုပ္ပါးတောင်ဟာ ဧရာဝတီတိုင်းမှာရှိတယ်လို့ ဖြေသွားတာကို ကြားခဲ့ရပါတယ်။ တကယ်တော့ ပုပ္ပါးတောင်ဟာ မကွေးတိုင်းထဲမှာရှိတာပါ။ ပြီးတော့ မှားဖြေတဲ့သူက အလယ်တန်း မူလတန်းကျောင်းသူ မဟုတ်ပါဘူး။ တက္ကသိုလ်ကျောင်းသူပါ။ ဒီလောက်အထိ ရုပ်ပျက်ဆင်းပျက် ဗဟုသုတချို့တဲ့သူဟာ တခြားအကြောင်းတရားတွေ သူ့မှာလိုအပ်တာ ရှိကောင်းရှိမှာဖြစ်ပေမယ့် ခရီးသွားအားနည်းသူဖြစ်ဖို့လည်း သေချာပါတယ်။ နာမည်ကြီး ပုပ္ပါးတောင်ကို မရောက်ဘူးတဲ့သူဖြစ်မယ်ဆိုတာ ပိုပြီးသေချာပါတယ်။ သိမ်ငယ်ဖို့ကောင်းလှပါတယ်။ ထားပါတော့။

စကားဆက်ရမယ်ဆိုရင် ပြီးခဲ့တဲ့လ လကုန်ရက်ပိုင်းက ဖားအံမြို့နယ်ထဲက ဇွဲကပင်တောင်ဆီ ကျနော် ခရီးထွက်ခဲ့ပါတယ်။ ဇွဲကပင်တောင်ကို ကျနော် စိတ်ဝင်စားနေတာကြာပြီဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မသွားနိုင်ခဲ့ပါဘူး။ ဥပမာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်က ကမ္မမောင်းမြို့ကလေးနားရောက်ခဲ့စဉ် နာမည်ကြီး ဇွဲကပင်တောင်ဆီရောက်အောင်သွားဖို့ စိတ်ကူးရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ အဲဒီတုန်းက အုပ်ချုပ်တဲ့ စစ်အစိုးရနဲ့က အပစ်အခတ်ရပ်စဲတာတို့ ငြိမ်းချမ်းရေးစကား မပြောကြသေးတဲ့အချိန်မို့ လုံခြုံရေးအရ မသွားခဲ့ရပါဘူး။ အခု နှစ်နှစ်ဆယ်ခြားတဲ့အချိန်ကြမှာ ကျနော့်ရဲ့ နှစ်နှစ်ဆယ်ကြာပြီဖြစ်တဲ့ ဇွဲကပင်တောင်ခရီးကို အကောင်အထည်ဖေါ်နိုင်တဲ့သဘောပါပဲ။

ဇွဲကပင်တောင်ဟာ ပင်လယ်ရေမျက်နှာပြင်အမြင့် (၂၃၇၂) ပေအမြင့်ရှိပါတယ်။ မွန်ပြည်နယ်ထဲက ကျိုက်ထီးရိုးတောင်နဲ့နှိုင်းစာရင် (၁၂၄၃) ပေနိမ့်တဲ့သဘော ရှိပါတယ်။ ဒါပေမယ့်လည်း ကျိုက်ထီးရိုးတောင်လို တောင်ထိပ်အထိ ကားလမ်းမရှိဘဲ ခြေလျင်တက်ရတဲ့တောင်ပါပဲ။ တောင်တက်လမ်း နှစ်ခုရှိပါတယ်။ တစ်ခုက ကျောက်လှေကားထစ်များနဲ့တက်လို့ရပြီး ကျန်တဲ့တစ်လမ်းကတော့ မြေသားလမ်းဖြစ်ပါတယ်။

တောင်ခြေ တောင်ပေါ်စတက်ရတဲ့နေရာမှာ စားသောက်ဆိုင်တချို့ရှိပါတယ်။ အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်တွေလည်းရှိပါတယ်။ သိသိသာသာ သတိထားမိတဲ့အချက်က စားသောက်ဆိုင်တိုင်းမှာ ထိုင်းတို့ရဲ့အစားအသောက်အမျိုးမျိုးကို အထူးရေးသားချိတ်ဆွဲထားတဲ့ ဆိုင်းပုတ်တွေပဲဖြစ်ပါတယ်။ ဥပမာ ကွေ့တီယို၊ ဖာကဖေါင်.. အစရှိတဲ့အစားအသောက်များကို   ဝေေ၀ဆာဆာ   ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် ဝက်သားတုတ်ထိုးလို ပန်းဂေါ်ဖီလိုအရာမျိုးကအစ ထိုင်းကတင်သွင်းတဲ့ အစားအသောက်ဖြစ်နေတာ တွေ့ခဲ့ရပါတယ်။ ဒါကိုကြည့်ရင် ဖါးအံမြို့နယ်မှာ ကိုယ့်ရိုးရာ အစားအသောက်တွေထက် ထိုင်းအစားအသောက်တွေကို လူတွေပိုပြီး စိတ်ဝင်စားကြတဲ့သဘော ယူဆလို့ရပါတယ်။ ထိုင်းတို့ရဲ့အစားအသောက်ယဉ်ကျေးမှုက ကိုယ့်နိုင်ငံထဲအထိ ထိုးဖောက်လွှမ်းမိုးလာနေတဲ့သဘောမို့ စိတ်ထဲ မကြည်လင်ခဲ့ပါဘူး။

ဇွဲကပင်တောင်အတက်တုန်းကတော့ မြေသားတောင်တက်လမ်းအတိုင်း တက်ပါတယ်။ တောင်အောက်ကနေပြီး တောင်ထိပ်ရောက်အောင် ကျနော့်အဖို့တော့ လေးနာရီကြာခဲပါတယ်။ အများအားဖြင့်တော့ ငယ်ရွယ်သူများတက်မယ်ဆိုရင် သုံးနာရီဝန်းကျင်ပဲ ကြာတယ်လို့ပြောကြပါတယ်။ အတက်ခရီးဟာ မြေသားခရီးဖြစ်တယ်ဆိုတာ တော်တော်မှန်ပါတယ်။ တနေရာမှ ကွန်ကရစ်လှေကားထစ်ခင်းထားတာ မတွေ့ခဲ့ရပါဘူး။

လမ်းကတော့ ဂရုမစိုက် ကတိုက်ကရိုက်တက်မယ်ဆိုရင် အသက်အန္တရယ် ထိခိုက်စေနိုင်တဲ့ တောင်တက်လမ်းတချို့ ရှိပါတယ်။ ဥပမာ ကျနော်ဆိုရင် အသက်အရွယ်ရလာပြီဖြစ်တော့ လေးဘက်ကုန်း ကုတ်ကပ်ပြီးတက်ရတဲ့နေရာတွေ ရှိခဲ့သလို ခြောက်ဘက်ကိုကြောပေး လူတစ်ယောက်စာသာသာလမ်းမှာ ကျောက်တောင်အစွန်းကို သေသေချာချာဖက် တရွှေ့ရွှေ့တစောင်း လှမ်းတက်ရတဲ့   နေရာတွေလည်း ရှိပါတယ်။( တောင်ပေါ်ရောက်တော့လည်း ညအချိန် တောင်ပေါ်တက်လာကြတဲ့လူငယ်တွေ မီးတုတ်တရမ်းရမ်း စကားတပြောပြောနဲ့ တွေ့ရတော့လည်း ကျနော့်မှာ ကိုယ့်ကိုယ်ကို ရယ်ရမလို ငိုရမလိုတောင် ဖြစ်ခဲ့ပါသေးတယ်။)

တောင်တက်လမ်းမှာ အားနည်းချက်တစ်ခုရှိတာက ခက်ခဲတဲ့နေရာတွေမှာ သတိပေးလမ်းညွှန်ဆိုင်းပုတ်တွေ မရှိတဲ့အချက်ပါပဲ။ ကျနော့်အဖို့တော့ တောင်ပေါ်ကို မနက် ၁၁ နာရီက စတင်တက်ခဲ့တာ တောင်ထိပ်ကိုရောက်တော့ မွန်းလွဲ ၃ နာရီရှိပါပြီ။ တောင်ပေါ် ဘုန်းတော်ကြီးကျောင်းမှာပဲ တည်းခိုခွင့်ရပါတယ်။ ကျနော်တို့က မနက်ဆည်းဆာနဲ့ညနေဆည်းဆာအချိန်တွေမှာ ဓါတ်ပုံရိုက်ဖို့ ရည်ရွယ်ထားတာလည်းရှိလို့ တစ်ညအိပ်နေကြဖို့ ဆုံးဖြတ်ကြပါတယ်။ တောင်ပေါ်ဘုန်းတော်ကြီးကျောင်း ဒု ကျောင်းထိုင်ဆရာတော်က ကျနော်တို့အထဲက သူငယ်ချင်းတစ်ယောက်နဲ့ ကျောင်းနေဖက်ဖြစ်လေတော့ သက်တောင့်သက်သာရှိတဲ့ ကျောင်းမကြီးထဲမှာပဲ တည်းခိုခွင့်ရပါတယ်။

ညကြတော့ ဘုရားရင်ပြင်တော်ပေါ်က အမိုးရှိတဲ့စောင်းတန်းလေးအောက်မှာ ဆရာတော်ဘုရားဦးဆောင်တဲ့ စကားဝိုင်းလေးဖြစ်လာခဲပါတယ်။ ရေနွေးကြမ်း၊ လဘက်သုပ်နဲ့ ကျနော်တို့စကားဝိုင်းလေး အင်မတန် ချမ်းမြေ့ဖို့ကောင်းခဲ့ပါတယ်။ ဆရာတော်ဘုရားဆီက ကြားရတဲ့စကားတွေက မှတ်သားဖို့ကောင်းပါတယ်။ ဖါးအံမှာ ကျောက်မီးသွေးစက်ရုံတည်ဆောက်တာကို ပိတ်ပင်ခံထားရတဲ့အကြောင်း၊ အစိုးရနဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးစကားပြောတဲ့အချိန်ကစပြီး ဇွဲကပင်တောင်တက်ခရီးသည်တွေဟာ ပိုမိုများပြားလာနေတဲ့အကြောင်းနဲ့ ဇွဲကပင်တောင်နဲ့ ပတ်သက်တဲ့ ဗဟုသုတွေကို ကြားခဲ့ရပါတယ်။ အထူးသဖြင့် ဇွဲကပင်တောင်ကြီးဟာ ကမ္ဘာလှည့်ခရီးသွားနေရာ တစ်ခုအဖြစ် အသိရှိရှိ သတ်မှတ်ဆောင်ရွက်မယ်ဆိုရင် အင်မတန်အကျိုးရှိမယ့် နေရာဖြစ်တာကိုလည်း ဆရာတော်က ထောက်ပြပါတယ်။

ဆရာတော် အကြံပြုတာ ဆရာတော့်ဆန္ဒဟာ တကယ်သင့်တော်တဲ့ကိစ္စပါပဲ။ ကျနော်တို့ တောင်ပေါ်တက်လာရလမ်းမှာ ဥရောပခရီးသည် ဆယ်ဦးခန့် တောင်ပေါ်ကပြန်ဆင်းလာတာ တွေ့ခဲ့ရသလို ညနေပိုင်းအထိ ထိုင်းခရီးသည်တချို့ ရှိနေသေးတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘုရားရင်ပြင်တော်ပေါ် အတက် လှေကားထစ်များထိပ်ပေါ်မှာတော့ နိုင်ငံခြားသားများ ညအိပ်ညနေတည်းခိုခွင့် မပြုတဲ့အကြောင်း ဆိုင်းပုတ်ကလေးတွေ့လို့ မေးကြည့်တော့ လွန်ခဲ့တဲ့တစ်လတုန်းက ပြင်သစ်လူမျိုးတစ်ဦး သူ့ရဲ့ကိုယ်ရေးကိုယ်တာအခက်အခဲကို စာရေးထားခဲ့ပြီး တောင်ပေါ်ကခုန်ချ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့လို့ ယာယီအားဖြင့် ပိတ်ပင်ထားခြင်းဖြစ်ကြောင်း နောက်ပိုင်းမှာ ကြိုတင်ကာကွယ်မှုတွေ စီစဉ်ပြီးတဲ့အခါ ပြန်လည်ခွင့်ပြုမှာဖြစ်ကြောင်း ဆရာတော်က ရှင်းပြခဲ့ပါတယ်။

ဇွဲကပင်တောင်ထိပ်ဟာ ကျိုက်ထီးရိုးတောင်ထိပ်လို မြေနေရာ မကျယ်လှပါဘူး။ ဒီကြားထဲ တောင်ထိပ်မှာ တည်ထားတဲ့ဘုရားစေတီက တောင်ထိပ်အပြည့်နီးပါး နေရာယူထားပါတယ်။ ဒါ့အပြင် တယ်လီဖုန်း ဆက်သွယ်ရေးတာဝါတိုင်ကြီးကလည်း တောင်စောင်းအထိ နေရာယူထားပြန်ပါသေးတယ်။ တည်းခိုဆောင်တွေနဲ့ ဈေးဆိုင်တွေက တောင်စောင်းနဲ့ မဆိုသာလောက်တဲ့   နေရာလွတ်တွေမှာပဲ နေရာယူထားကြရတာ တွေ့ခဲ့ရပါတယ်။ ဒါကြောင့်မို့ ဇွဲကပင်တောင်ထိပ် တာရှည်စွာ ကြံ့ခိုင်တည်မြဲရေးအတွက် အခုကတည်းက စဉ်းစားပြင်ဆင်ထားဖို့လိုတယ်လို့လည်း တွေးခဲ့မိပါတယ်။

ကဲ ဒီကနေ့တော့ ဒီနေရာမှာပဲ ရပ်နားလိုက်ပါဦးမယ်။ နောက်နေ့တွေမှာ လူငယ်နဲ့ ခရီးသွားခြင်းအနုပညာကို ဆက်ရေးပါ့မယ်။ ဇွဲကပင်တောင်ခရီးဆုံးရင်တော့ ဒီခရီးကရတဲ့ အကျိုးအမြတ်တွေက ဘာတွေရှိမလဲ၊ လူငယ်တွေ ဘယ်လိုသုံးသပ်သင့်သလဲ၊ ဘာ့ကြောင့် လူငယ်တွေ ခရီးသွားသင့်သလဲဆိုတဲ့ အချက်တွေကို ဆက်ပြီးဆွေးနွေးပါ့မယ်။

လူငယ်တွေ ခရီးများများသွားကြပါ။

ခရီးသွားရင်း ကောင်းမွန်တဲ့အကျိုးအမြတ် ရှာကြပါ။

လူငယ်တို့ရဲ့မိုးကောင်းကင် ကြည်လင်တောက်ပနိုင်ကြပါစေ။

အပိုင်း( ၁) အပြည့်အစုံ ဖတ်ရှုရန် - mizzimaburmese.com/article/37377

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly