ဘန်ဇီမာကို မခေါ်ယူနိုင်သည့်အဆုံး ကာဗာနီကို ခေါ်ယူရန် အာဆင်နယ် ပြင်ဆင်လာ

ဘန်ဇီမာကို မခေါ်ယူနိုင်သည့်အဆုံး ကာဗာနီကို ခေါ်ယူရန် အာဆင်နယ် ပြင်ဆင်လာ

လန်ဒန်၊ သြဂုန် ၂၅ ။         ။ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာက ရီးယဲလ်အသင်းသည် ၎င်း၏အိမ်ဖြစ်ကြောင်းနှင့် အသင်းပြောင်းရွှေ့မည်မဟုတ်ဟု တရားဝင်ပြောဆို လိုက်ပြီးနောက်တွင် အာဆင်နယ် အသင်းသည် ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီကို ခေါ်ယူရန် ပြင်ဆင်လာသည်။

လီဗာပူးလ်အသင်းနှင့် ဂိုးမရှိသရေကျပြီးနောက်တွင် အာဆင်နယ်အသင်း၏ ဂန္ထဝင်တိုက်စစ်မှူး အွန်နရီက အာစင်ဝင်းဂါးအနေဖြင့် တိုက်စစ်မှူးသစ်တစ်ဦး မဖြစ်မနေဝယ်ယူရန်လိုအပ်ကြောင်းနှင့် ကျန်ရှိနေ သည့်အပြောင်းအရွှေ့ ကာလအချိန်တစ်ပတ်သည် အာဆင်နယ်အသင်း၏ ယခုနှစ်ရာသီ အောင်မြင်မှု၊ ကျရှုံးမှုကို အဆုံးအဖြတ်ပေးလိမ့်မည်ဟု ပြောဆိုလိုက်သည်။

နည်းပြအာစင်ဝင်းဂါးကလည်း အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ကမ္ဘာ့အဆင့်မီတိုက်စစ်မှူး တစ်ဦးကို ခေါ်ယူရန် အလိုရှိနေသည်။

အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်အိမ်ကွင်းအဖွင့်ပွဲစဉ်နှစ်ပွဲတွင် ဂိုးမသွင်းနိုင်ခြင်းမှာ ၁၉၇၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်အိမ်ကွင်း ပွဲစဉ် နောက်ဆုံးခြောက်ပွဲတွင် ငါးပွဲ ဂိုးမသွင်းနိုင်ခြင်းလည်း ဖြစ်သည်။

ဥရုဂွေးတိုက်စစ်မှူး ကာဗာနီသည် ပီအက်စ်ဂျီအသင်းသို့ ၂၀၁၃ ခုနှစ်က ရောက်ရှိခဲ့သူဖြစ်ပြီး ပြင်သစ်ကလပ်အသင်းအတွက် ၇၉ ပွဲတွင် ၅၄ ဂိုးသွင်းယူပေးထားသူ ဖြစ်သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly