သက်ငယ်မုဒိမ်း ပပျောက်ရေးနှင့် သေဒဏ်ပေးရေးတို့အတွက် မတ္တရာမြို့နယ်တွင် ဆန္ဒပြတောင်းဆို

သက်ငယ်မုဒိမ်း ပပျောက်ရေးနှင့် သေဒဏ်ပေးရေးတို့အတွက် မတ္တရာမြို့နယ်တွင် ဆန္ဒပြတောင်းဆို
ဓာတ်ပုံ-ဘိုဘို
 

မတ္တရာ၊ဖေဖော်ဝါရီ ၁၈ ။            ။ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ဝန်းစုကျေးရွာအုပ်စု၊မြွေကူးတို့ကျေးရွာတွင်ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်ခံရသော ၂နှစ်၅လ အရွယ်ကလေးငယ် သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ကျူးလွန်သူအား သေဒဏ်ပေးရန် အတွက် ဖေဖော်ဝါရီလ ၁၈ ရက်၊နံနက် ၉ နာရီမှစတင်ကာ မတ္တရာမြို့ပေါ်တွင် ဆန္ဒပြတောင်းဆိုလျှက်ရှိသည်။

ထိုသို့ ဆန္ဒပြတောင်းဆိုရာတွင် သက်ငယ်မုဒိမ်းပပျောက်ရေး ဒို့အရေး ဒို့အရေး ၊ သက်ငယ်မုဒိမ်းပြုကျင့်သည့် ဖြိုးထက်အောင်အား သေဒဏ်ပေးရေး ဒို့အရေး ဒို့အရေး၊ တရားဥပဒေစိုးမိုးရေး ဒို့အရေး ဒို့အရေး စသည့် ကြွေးကြော်သံများဖြင့် မတ္တရာမြို့အဝင် ဒင်္ဂါးချောင်းမှ ဟစ်တိုင်ကွင်းအထိချီတက်ကြွေးကြော် ဆန္ဒပြနေခြင်း ဖြစ်သည်။

အဆိုပါ မုဒိန်းမှုမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကလေး မိဘများသည် ကျေးရွာအနီးရှိ တောတန်းတစ်ခုတွင် လှည်းဖြင့်ထင်းခုတ်သွားသည့်နေရာသို့ ကလေးငယ်ကို   ခေါ်ဆောင်သွားခဲ့ကာ တောတန်းအနီးမှ မိတ်ဆွေ မိသားစုတစ်ခုထံ အပ်နှံထားခဲ့ရာမှ ကလေးငယ်မှာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ပျောက်ဆုံးသွားသည့် ကလေးငယ်ကို လိုက်လံရှာဖွေရာတွင် လယ်ကွင်းတစ်ခု၌ ဖြိုးထက်အောင်၂၅နှစ်က သားမယားပြုကျင့်နေသည်ကို ၎င်းကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့ပြီး အော်ဟစ်အကူအညီ တောင်းခဲ့ရာ ကျူးလွန်သူမှာ ထွက်ပြေးသွားခဲ့သည်။

မုဒိမ်းပြုကျင့်ခံရသည့် ၂နှစ် ၅လ အရွယ်ကလေးငယ်မှာ အခင်းဖြစ်သည့်နေ့တွင် သေဆုံးခဲ့ပြီး ကျူးလွန်သူ အနေဖြင့် အလောင်းကို ဖျောက်ဖျက်ရန်ကြံစည်ခဲ့ကြောင်းလည်း ဆန္ဒပြရာတွင်ပါဝင်သည့် ဒေသခံများက ဆိုသည်။

ထို့နောက်သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာ ကျူးလွန်သူအား ဘောင်ကြီးတံတားချောင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း မတ္တရာမြို့နယ်ရဲတပ်ဖွဲ့ကသိရသည်။

"ခုလိုဖြစ်တာ မတ္တရာမှာ ပထမဆုံးပါ ။ နောင်ဒီလိုဖြစ်စဉ်မျိုး မဖြစ်စေချင်ဘူး ။ လူ့အသိုင်းအဝိုင်းအတွက် အင်မတန်ရွံစရာ ကောင်းပါတယ် ။ ဒါ့ကြောင့် ကျွန်မတို့အနေနဲ့ ဒီမုဒိမ်းကောင်ကို သေဒဏ်ပေးဖို့ရာ တောင်းဆိုပါတယ်"ဟု ဆန္ဒပြရာတွင် ပါဝင်သူ တိုင်းရင်းဆေးဆရာမ ဒေါ်နှင်းစန္ဒာအေးက ပြောသည်

"ကျွန်မအနေနဲ့ ဒီကလေးမိဘတွေနဲ့ ထပ်တူခံစားရပါတယ်။ ဒီလိုလူမဆန်တဲ့ သူကို သေဒဏ်ပေးတာအကောင်း ဆုံးပါပဲ။ ဒါမှ နောင် ဒါမျိုးအမှုကို မကျူးလွန်ရဲမှာပါ။" ဟု မတ္တရာမြို့ခံတစ်ဦးဖြစ်သည့် ဒေါ်ခင်မာဦး က ပြောသည်။

လတ်တလောတွင် မုဒိန်းမှုကျူးလွန်ခဲ့သူ ဖြိုးထက်နိုင်အား ရေနံ့သာကျေးရွာ ရဲစခန်းတွင် (ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၀၂ တို့ဖြင့် အမှုဖွင့်ဖမ်းဆီး ထားကြောင်းသိရသည်။

ဆန္ဒပြရာတွင်ပါဝင်သည့်ဒေသခံများအနေဖြင့် သက်ငယ်မုဒိန်းကျူးလွန်ခဲ့သူများကို သေဒဏ်ပေးရေး ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက်လည်း လက်မှတ်ထိုးများစတင်ကောက်ခံနေပြီး လက်မှတ်ထိုးများကို ဆက်လက်ကောက်ခံသွားမှာဖြစ်သလို ရရှိသည့်လက်မှတ်ထိုးများအား အစိုးရအဖွဲ့နှင့်လွှတ်တော်အသီးသီးကို တင်ပြသွားမည်ဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူများကဆိုသည်။

မတ္တရာမြို့နယ်ဒေသခံများအနေဖြင့် သက်ငယ်မုဒိန်းပပျောက်ရေးနှင့်ကျူးလွန်သူအား သေဒဏ်ပေးရေးတို့ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တောင်းဆိုဆန္ဒပြမှုများ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်သလို ပြင်ဦးလွင်မြို့ နှင့်မန္တလေးမြို့ပေါ်တို့တွင်လည်း သွားရောက်ဆန္ဒပြတောင်းဆိုမှုများ လုပ်ဆောင်သွားမည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly