မြင်းစီးပြီး နယ်တကာလှည့် ဆေးလိုက်ကုပေးနေတဲ့ အီတလီ ဆရာဝန်

မြင်းစီးပြီး နယ်တကာလှည့် ဆေးလိုက်ကုပေးနေတဲ့ အီတလီ ဆရာဝန်

ဖေဖော်ဝါရီ ၁၈ ။             ။ အီတလီနိုင်ငံ မြောက်ပိုင်း ကျေးလက်ဒေသတစ်ခုဖြစ်တဲ့ ပီးမွန့် ဒေသကတော့ သက်ကြီးလူဦးရေ အများစု ရှိနေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ အဲဒီမှာတော့ ရောဘတ်တို အန်ဖော့ဆို  အမည်ရ ဆရာဝန်တစ်ဦးကတော့ ထူးထူးခြားခြားပဲ သူ့ဆီ ဖုန်းဆက် လှမ်းပင့်တဲ့ လူနာတွေဆီ မြင်းစီးပြီး သွားရောက်ကြည့်ရှုပေးနေသူတစ်ဦး ဖြစ်ပါတယ်။

အသက် ၆၃ နှစ်ရှိပြီး ဖြစ်တဲ့ ဆရာဝန် အန်ဖော့ဆို ဟာ ပြီးခဲ့တဲ့ ဆယ်နှစ်တာတစ်လျှောက်လုံး ခုလို မြင်းတစ်ကောင်နဲ့အတူ လူနာတွေဆီ သွားကြည့်ပေးနေခဲ့တယ်လို့ ဆိုပါတယ်။

ယင်းအနီးအနား ကျေးလက်ဒေသတွေမှာတော့ အဓိကအားဖြင့်  သက်ကြီးလူဦးရေက များပြားနေတယ်လို့ သိရပါတယ်။ " အီတလီမှာက ဒီဒေသတွေက ထူးခြားပါတယ်၊ ဒီက လူ့သက်တမ်းက  တော်တော်လေး ရှည်ပါတယ်၊ ကျွန်တော် ပုံမှန် သွားကြည့်ပေးနေရတဲ့ လူနာတွေဆိုရင် အနည်းဆုံး အသက် ၇၀ တန်းတွေဖြစ်ပါတယ်၊ အကြီးဆုံး တစ်ယောက်ဆိုရင် ၁၀၄ နှစ်တောင် ရှိနေပါပြီ" ဆိုပြီး ဆရာဝန် အန်ဖော့ဆိုက ပြောပြပါတယ်။

အန်ဖော့ဆို ဟာဆိုရင် အရေးကြီးတဲ့ အမြန်ဆုံးသွားပေးဖို့လိုတဲ့ လူနာတွေကလွဲရင် ကျန် လူနာကြည့်သွားတဲ့အချိန်တွေမှာ အဓိကအားဖြင့် မြင်းကိုပဲ အသုံးပြုပြီး သွားလေ့ ရှိတယ်လို့ သိရပါတယ်။

" အပတ်စဉ်တိုင်း ကျွန်တော် မြင်းနဲ့ သွားရတဲ့ ခရီးအကွာအဝေးက ကီလို ၈၀ ကနေ ၁၀၀ ကြား ရှိပါတယ်၊ ပထမ ဆုံး သုံးနှစ်က ဆိုရင် ကျွန်တော်  မြင်းစီးပြီး လူနာကြည့်သွားတဲ့ ခရီးပေါင်း ၁,၀၀၀ ထိ ရှိခဲ့ပါတယ်၊ ခုကျတော့ အဲဒီလို လိုက်မရေနိုင်တော့ပါဘူး" ဆိုပြီး အန်ဖော့ဆိုက ပြောပြပါတယ်။

ခုလိုမျိုး ပုံမှန်မဟုတ်ဘဲ မြင်းနဲ့ ဆေးလိုက်ကုပေးနေမှုမျိုးက သူနဲ့ လူနာတွေအကြား ဆက်ဆံရေးအပေါ်မှာ ကောင်းတဲ့ အကျိုးဆက်တွေ ရှိမယ်လို့ ၎င်းက ယုံကြည်နေပါတယ်။  " ဒီဆရာဝန်က ထူးထူးခြားခြားပဲ မြင်းနဲ့ ရောက်လာပါလား ဆိုပြီး လူနာက အတွေးဝင်မှာပဲလေ၊ အဲဒီအခါကျရင် ကျွန်တော်တို့အကြား ပိုပြီး လူသားဆန်တဲ့ ဆက်ဆံရေးတွေ ဖြစ်လာနိုင်ပါတယ်" လို့ ၎င်းက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly