ရာသီဥတု မကောင်းသော်လည်း အထွက်နှုန်းကောင်းနေဆဲဖြစ်တဲ့ အင်းလေး ရေပေါ်စိုက်ခင်းများ

ရာသီဥတု မကောင်းသော်လည်း အထွက်နှုန်းကောင်းနေဆဲဖြစ်တဲ့ အင်းလေး ရေပေါ်စိုက်ခင်းများ

ဖေဖော်ဝါရီ ၁၈ ။             ။ ရှမ်းပြည်နယ် အင်းလေးဒေသနေ တောင်သူတွေ အဓိကလုပ်ကိုင်နေကြရတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကတော့ တစ်ခြားနေရာဒေသတွေနဲ့မတူဘဲ ထူးခြားပါတယ်။   မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ရေချိုကန်ဖြစ်တဲ့ အင်းလေးကန်မှာတော့ ဒေသခံတွေဟာ ရေပေါ် စိုက်ခင်းတွေကိုပဲ အဓိကလုပ်ကိုင်ကြပါတယ်။

သူတို့တွေဟာ စိုက်ခင်းတွေဆီ သွားဖို့အတွက် လှေတွေကို အဓိက အသုံးပြုကြရပါတယ်။ အင်းလေးဒေသခံတို့အတွက်ကတော့ ကျယ်ပြောလှတဲ့ ကန်ရေပြင်ကြီးနဲ့ သူတို့ရဲ့ နေ့စဉ်ဘဝတွေဟာ ဘယ်လိုမှ သီးခြားခွဲထားလို့ မရနိုင်ပါဘူး။ သူတို့ဟာ သူတို့ရဲ့ နေအိမ်တွေကို ရေပေါ်မှာပဲ ဆောက်ထားကြပြီး  နေ့စဉ် သွားရေးလာရေးအတွက် လှေတွေကို အဓိက အသုံးပြုကြရပါတယ်။ အဓိက အစားအသောက်ကတော့ ငါးဖြစ်ပါတယ်။

အင်းလေးကန်ရဲ့ ကမ်းစပ် ကမ်းနဖူးပေါ်မှာ ရှိတဲ့ ရွာတွေမှာ နေထိုင်ကြသူ အင်းသားပေါင်း ၇၀,၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။

ခုလိုမျိုး အင်းလေးကန်အတွင်း ရေပေါ်စိုက်ခင်းတွေအကြား အသက်မွေးဝမ်းကြောင်းနေသူတွေထဲမှာတော့ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးမြင့်ဦးလည်း အပါအဝင် ဖြစ်ပါတယ်။

ဦးမြင့်ဦးနဲ့ သူ့မိသားစုကတော့ အဲဒီရေပေါ်စိုက်ခင်းတွေကို လုပ်ကိုင်လာခဲ့ကြတာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီလို့ ဆိုပါတယ်။ ဦးမြင့်ဦးတို့ မိသားစုဟာ သူတို့ကိုယ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းကို စလုပ်ခဲ့စဉ်တုန်းက ခပ်သေးသေးနဲ့ တစ်နိုင်တစ်ပိုင် စခဲ့ရပေမယ့် ယနေ့အချိန်မှာတော့ သူ့မိသားစုဟာ ခရမ်းချဉ်းသီးစိုက် ရေပေါ်ကျွန်း ၂၆ ခုနဲ့အတူ စတုရန်းမီတာ ၁,၀၀၀ ရှိ ရေပေါ်ဥယျာဉ်တစ်ခုကို လုပ်ကိုင်နေနိုင်ပြီဖြစ်ပါတယ်။

မိသားစုဝင် ခြောက်ဦးရှိတဲ့ ဦးမြင့်ဦးတို့ မိသားစုအတွက်ကတော့ ခရီးချဉ်သီးစိုက်လုပ်ငန်းနဲ့ ငါးဖမ်းခြင်းက နေ့စဉ် ဝင်ငွေ ရရှိမယ့် အဓိကရင်းမြစ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

" ကျွန်တော်တို့ မိသားစု ဒီမှာ ခရမ်းချဉ်သီး စိုက်လာတာ တော်တော်လေးကို ကြာခဲ့ပါပြီ၊ မိသားစု နေ့စဉ် ဝင်ငွေရဖို့အတွက်ကတော့ ဒီခရမ်းချဉ်းသီး စိုက်တာနဲ့ ငါးဖမ်းတာကို တွဲလုပ်ရပါတယ်၊ စလုပ်ခါစတုန်းက ခပ်သေးသေးလေးပေါ့၊ ဆယ်နှစ်လောက်အကြာမှာတော့ လုပ်ငန်းကို ခုလိုတိုးချဲ့လာနိုင်ခဲ့တာပါ၊  ဒီမှာကျတော့ စိုက်ခင်းအတွက် ရေလောင်းရေသွင်းတာတွေ မလိုဘူးဆိုပေမယ့် အလုပ်ကတော့ တော်တော်များပါတယ်" လို့ ဦးမြင့်ဦးက ပြောပါတယ်။

ယင်း အင်းလေးဒေသ ရေပေါ်စိုက်ခင်းတွေထဲမှာတော့ ခရမ်းချဉ်သီးက အဓိက သီးနှံ ဖြစ်ပြီး စိုက်ပျိုးဧရိယာတစ်ခုလုံးရဲ့ ၉၀ ရာခိုင်နှုန်းထိ လွှမ်းခြုံထားပါတယ်။ တစ်ခြားစိုက်တဲ့ သီးနှံတွေထဲမှာတော့ ပဲတောင့်ရှည်၊ သခွားမွှေး၊ သခွားသီး တို့လည်း ပါဝင်ပါတယ်။

အင်းလေးဒေသက ခရမ်းချဉ်သီးတွေကတော့ အစိမ်း ဖြစ်ဖြစ် အမှည့်ဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။ သီးနှံဆွတ်ခူး ရာသီကတော့ မေလကနေ ဒီဇင်ဘာလအတွင်း ဖြစ်ပါတယ်။တစ်နေ့ကို တန်ချိန် ရာနဲ့ချီပြီးထွက်တယ်လို့ သိရပါတယ်။

" ခုနှစ်ကကျတော့ ရာသီဥတုကလည်း အရမ်းကြီး သိပ်မကောင်းဘူးလေ၊ ဆိုတော့ကာ ခရမ်းချဉ်သီးတွေက အရင်နှစ်တွေကနဲ့ ယှဉ်ရင် အလုံးအရွယ်အစား သေးနေပါတယ်၊ ဒါပေမယ့် အထွက်ကတော့ ခုထိ များနေပါတယ်၊ အရသာပိုင်းမှာလည်း အရင်အတိုင်း မပြောင်းသွားပါဘူး၊ ကျွန်မတို့အတွက်ကတော့ အဓိက သီးနှံတစ်ခု ဖြစ်နေဆဲပါ" ဆိုပြီး အခြား တောင်သူတစ်ဦးဖြစ်တဲ့ မနော်အန်းကလည်း ပြောပြသွားခဲ့ပါတယ်။

ယခုလို နိုင်ငံရဲ့ ထူးခြားတဲ့ ရေပေါ်စိုက်ခင်းတွေနဲ့ပတ်သက်လို့ စိုးရိမ်စရာ သတင်းအချို့လည်း ရှိနေပြန်ပါသေးတယ်။

 ယင်းအင်းလေးကန်အတွင်း တောင်သူတွေအနေနဲ့ ပိုးသတ်ဆေးတွေ၊ မြေသြဇာတွေ အလွန်အကျွံ အသုံးပြုနေခြင်းက ကန်ကို ညစ်ညမ်းစေလျက်ရှိနေကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေး ပရိုဂရမ် UNDP က သတိပေးထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly