တရုတ်လောင်းကစားဒိုင်တစ်ဦးထံမှ အမ်ပေါင်းရယူခဲ့သည့် ထိုင်းရဲ ၆၀ ခန့် စစ်ဆေးခံနေရ

တရုတ်လောင်းကစားဒိုင်တစ်ဦးထံမှ အမ်ပေါင်းရယူခဲ့သည့် ထိုင်းရဲ ၆၀ ခန့် စစ်ဆေးခံနေရ

ဘန်ကောက်၊ ဖေဖေါ်ဝါရီ ၁၈ ။            ။ ထိုင်းရဲတပ်ဖွဲ့သည် ဘန်ကောက်မြို့ရှိ ရဲစခန်း ၄ခုမှ ရဲ ၆၀ ခန့်အား တရုတ်လောင်းကစားဒိုင်တစ်ဦးထံမှ တရုတ်နှစ်သစ်ကူးအတွင်း အမ်ပေါင်းငွေ လက်ခံရယူရန်ကြိုးပမ်းခဲ့မှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိ သည်။

အမ်ပေါင်း သို့မဟုတ် ငွေထည့်ထားသည့်စာအိတ်အနီလေးများကို ရိုးရာအရ တရုတ်နှစ်သစ်ကူးကာလအတွင်း ဝေလေ့ရှိသည်။

မြို့တော်ရဲတပ်ဖွဲ့ အမှတ် ၇ မှ ရဲမှူးကြီး ဘွန်ယာရစ်လော့ဒ်မာသည် လောင်းကစားရုံပိုင်ရှင်တစ်ဦးထံမှ အမ်ပေါင်းငွေလက်ခံရယူရန်အတွက် တန်းစီနေကြသော ရဲများ၏ဗီဒီယိုဖိုင်တစ်ခု ထိုင်းနိုင်ငံ၏လူမှုမီဒီယာပေါ်၌ ပျံ့နှံ့သွားပြီးနောက် ထိုရဲများကိုစုံစမ်းစစ်ဆေးမှုများပြုလုပ်ကြရန် အမိန့်ပေးခဲ့သည်။

ပြည်တွင်းမီဒီယာတစ်ခု၏ အဆိုအရ လွန်ခဲ့သော သောကြာနေ့ကအွန်လိုင်းပေါ်၌ ပျံ့နှံ့လာခဲ့သော ထိုဗီဒီယိုဖိုင် ကို ၁၅နာရီအတွင်း ကြည့်ရှုမှုအကြိမ်ရေ ၁၅၉၀၀၀ ခန့်ရှိပြီး မျှဝေခဲ့မှုအကြိမ်ရေ ၂၂၀၀ ခန့်အထိရှိခဲ့ကြောင်း သိရသည်။

ဘွန်ယာရစ်က အမ်ပေါင်းရယူရန်တန်းစီနေကြသော ထိုရဲများသည် တာလင်ခ်တန်း၊ ထမာဆာလာ၊ ဘန်ယစ်ခန် နှင့် ဘန်ဆော်သောင်ရဲစခန်းတို့မှဖြစ်ပြီး ထိုရဲစခန်းတစ်ခုစီမှ စခန်းမှူးများအား ယင်းဖြစ်ရပ်နှင့်ပက်သက်၍ စုံစမ်း သွားရန် အမိန့်ပေးထားသည်ဟု ဆိုခဲ့သည်။

ဒါ့အပြင် ထိုရဲစခန်း ၄ခုအနေဖြင့် ယင်းဖြစ်စဉ်နှင့်ပက်သက်၍ မြို့ပြရဲတပ်ဖွဲ့ဗြူရိုထံသို့ အစီရင်ခံစာတင်ကြရန် ညွန်ကြားထားသည်ဟု သူက ဆိုခဲ့သည်။

လွန်ခဲ့သောအပတ်က နိုင်ငံတော်ဒုတိယရဲမှူးချုပ် ချာလမ်ခစ်ဆရီဝေါ်ရက်ခ်ဟန်က နိုင်ငံအတွင်းရှိ ရဲစခန်း အားလုံးမှ စခန်းမှူးများအား ၎င်းတို့၏လက်အောက်မှရဲတပ်ဖွဲ့ဝင်များအနေဖြင့် တရုတ်စီးပွားရေးသမားများထံမှ အမ်ပေါင်းငွေများ လက်ခံရယူခြင်းကို ခွင့်မပြုရန် ညွှန်ကြားထားပြီးနောက်တွင် ယခုလိုဖြစ်စဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထိုညွန်ကြားချက်ကို လိုက်နာခြင်းမရှိပါက စည်းကမ်းအရ အရေးယူသွားမည်ဟုလည်း သူက သတိပေးထားခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly