ပြည်သူများ အခမဲ့ကြည့်ရှုနိုင်မည့် ရုပ်သံလိုင်းများအတွက် MRTV နှင့် လိုင်စင်ရ ရုပ်သံကုမ္ပဏီ ၅ ခုတို့ သဘောတူစာချုပ်လက်မှတ်ရေးထိုး

ပြည်သူများ အခမဲ့ကြည့်ရှုနိုင်မည့် ရုပ်သံလိုင်းများအတွက် MRTV နှင့် လိုင်စင်ရ ရုပ်သံကုမ္ပဏီ ၅ ခုတို့ သဘောတူစာချုပ်လက်မှတ်ရေးထိုး
ဓာတ်ပုံ - သက်ကို

 

ရန်ကုန်   ဖေဖော်ဝါရီ   ၁၇ ။           ။ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာအသံနှင့် ရုပ်မြင်သံကြားနှင့် လိုင်စင်ရ ရုပ်သံကုမ္ပဏီ ၅ ခုတို့အကြား ပူးပေါင်း ဆောင်ရွက်ခြင်းသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည်။

ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မြန်မာအသံနှင့်ရုပ်မြင်သံကြားဝင်းအတွင်းရှိ Studio A ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊   ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်အမှာ စကားပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက မီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရန် တာဝန်ရှိသည်ဟု ခံယူကြောင်း ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ထည့်သွင်းပြောကြားခဲ့သည်။

ယခု လက်မှတ်ရေးထိုးလိုက်ခြင်းကြောင့် မကြာမီ ရုပ်သံလိုင်း (၅)လိုင်းကို ပြည်သူတွေ အခမဲ့ကြည့်ရှု နိုင်မှာဖြစ်ကြောင်း  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောသည်။

“ ဒီရုပ်သံလိုင်း ၅ လိုင်းကို ထည့်သွင်းပြသခြင်းအားဖြင့်ပြည်သူတွေ အနေနဲ့ လက်ရှိ ကြည့်နေတဲ့ ရုပ်သံလိုင်း ၁၁ လိုင်းကနေ ၁၆ လိုင်းအထိ တိုးမြှင့်ပြီးတော့ ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း ငွေကြေးကုန်ကျမှု လည်း ထပ်ပြီးတော့ မရှိပါဘူး။ အဲဒီအတွက် ရုပ်သံ ၅ လိုင်း တိုးချဲ့ ထုတ်လွှင့်ခြင်းအားဖြင့် အဓိက ပြည်သူတွေ အနေနဲ့ ရုပ်သံလိုင်း ၅ လိုင်းကို ပိုပြီး ကြည့်လို့ရမယ်။ သတင်းအချက်အလက်တွေ ပိုပြီးတော့ ရမယ်။ ဖျော်ဖြေ ရေး အပိုင်းတွေမှာလည်း ပိုပြီးတော့ ရွေးချယ်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါပြည်သူတွေအတွက် အများကြီး အကျိုး ရှိမယ့် လုပ်ငန်းဖြစ်ပါတယ်” ဟု  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကိုယ်စား Content Providers (၅)ခု ဖြစ်သည့် Mizzima Media Company Limited ၊ DVB Multimedia Group Company Limited၊ Fortune Broadcasting Company Limited ၊KMA TeleMedia Holdings Company Limited ၊ My Multi Media Group Company Limited တို့ကြား သဘောတူစာချုပ် အပြန် အလှန် လက်မှတ်ရေးထိုးခဲ့သည်။

မကြာမီစတင်ထုတ်လွှင့်တော့မည့် မဇ္ဈိမချန်နယ် အနေနှင့် လူငယ်နှင့်ကလေးငယ်များကို အဓိက ထား၍ တင်ဆက်ထုတ်လွှင့်သွားမည်ဟု  မဇ္ဈိမမီဒီယာဂရု၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုးမြင့်က ပြော သည်။

" ဒီနေ့ ညနေ ၆ နာရီ ၄၅ ကနေ စပြီးတော့ Mizzima ရဲ့ ရှိနေတဲ့ ပလက်ဖောင်းပေါ့နော်။ အဓိကတော့ Mizzima Facebook ၊ Mizzima Website မှာ Mizzima TV ကို စပြီး ကြည့်လို့ရပါတယ်။ အဲဒါကတော့ စမ်းသပ်ထုတ်လွှင့် တာပါ။ ၂၆ ရက်နေ့အထိ စမ်းသပ်ထုတ်လွှင့်ပြီးတော့ ကိုယ့်မှာရှိတဲ့ ပလက်ဖောင်းလေးမှာ ပြနေမယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ Mizzima TV ကို On Air တက်ဖို့ စီစဉ်ထားပါတယ်။ ပြီးတော့ ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ၆ နာရီ ပြည်သူ့ရင်ပြင်မှာ Mizzima TV ကို ပြည်သူနဲ့ မိတ်ဆက်ပေးပါမယ်" ဟု ဦးစိုးမြင့်က ပြောသည်။

MRTV Multi Channel Playout System တွင် DVB-T2 စနစ်ဖြင့် ရုပ်သံလိုင်း (၅)လိုင်း ထည့်သွင်းတော့မည် ဖြစ်သည့်အတွက် လာမည့် ၂၀၁၈ခုနှစ် မေလ တွင် လိုင်းသစ် ၅ ခု လုံး ဖမ်းယူ ကြည့်ရှုနိုင်မည်ဖြစ်သည်။

"ကျွန်တော်တို့ချန်နယ်က စာရင်းစတင်ကတည်းက ဖျော်ဖြေရေးချန်နယ်မဟုတ်ဘူး၊ အကျိုးအမြတ် အဓိက စီးပွားရေးချန်နယ်လည်း မဟုတ်ဘူး၊ ဆိုတော့ မျက်မှောက်ရေးရာသတင်း အခုလွှင့် နေတဲ့ပုံစံအတိုင်းပဲ မြန်မာတစ်ပြည်လုံးက သတင်း တွေပါမယ်၊ ဆွေးနွေးစရာအကြောင်းအရာ တွေပါမယ်" ဟု DVB Multimedia Group ၏ Planning Editor ဦးသန်းဝင်းထွဋ်က ပြောသည်။

Mizzima TV အစီအစဉ်များကို ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ ညနေ ၆း၃၀ တွင် တိုက်ရိုက် စမ်းသပ်ထုတ်လွှင့် နေ ပြီး Mizzima TV ကို ဖေဖော်ဝါရီလ၂၇ ရက်တွင် စတင် ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly