ဒူတာတေးကို အရေးယူဖို့ အိုင်စီစီထံ တိုင်ကြားခဲ့တဲ့ ဖိလစ်ပိုင်ရှေ့နေ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ

ဒူတာတေးကို အရေးယူဖို့ အိုင်စီစီထံ တိုင်ကြားခဲ့တဲ့ ဖိလစ်ပိုင်ရှေ့နေ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ

 

ဖေဖော်ဝါရီ ၁၇ ။               ။ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ မူးယစ်စစ်ပွဲအတွင်း လူအမြောက်အမြား သေဆုံးခဲ့ရမှုနဲ့ ပတ်သက်လို့ ဖော်ထုတ်အရေးယူပေးဖို့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (အိုင်စီစီ) ဆီသို့ အကြောင်းကြား တိုင်တန်းခဲ့တဲ့ ဖိလစ်ပိုင်ရှေ့နေ ဂျူ့ဒ် ဆာဘီယိုက ယခုအခါ ၎င်းအနေနဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်နေရပြီဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ခုလို သမ္မတ ဒူတာတေးရဲ့ မူးယစ်နှိမ်နင်းမှု ကိစ္စရပ်တွေနဲ့ပတ်သက်လို့  အိုင်စီစီကို တိုင်တန်းခြင်းက လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတစ်ခုလို့ ခံယူထားခဲ့တယ်ဆိုသော်ငြားလည်း ယခုလက်ရှိအချိန်မှာတော့   သူ့ကို ပစ်မှတ်ထားလာတော့မယ့်အပေါ် ပူပန်နေမိပြီ ဆိုပြီး  ဆာဘီယိုက ပြောပါတယ်။

ဖိလစ်ပိုင်ရှေ့နေတစ်ဦးဖြစ်တဲ့ ဆာဘီယိုဟာ ဖိလစ်ပိုင် မူးယစ်စစ်ပွဲနဲ့ပတ်သက်လို့ ယမန်နှစ်ကတည်းက အိုင်စီစီရုံးထံ အကြောင်းကြား တိုင်တန်းစာ ပေးပို့ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီနောက်ပိုင်းကတည်းက သူဟာ ဒူတာတေးထောက်ခံသူတွေဆီကနေ အသက်အန္တရာယ် ခြိမ်းခြောက်စာတွေ ရရှိထားခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

" ကျွန်တော်ရဲ့ ခုလက်ရှိအခြေအနေကတော့ ကိုယ့်အသက်ဘေးအတွက် ကြောက်နေရပါပြီ၊ ကျွန်တော့်ဆီ ကျည်ဆန် ဘယ်တော့များ လာမှန်မလဲ ဆိုပြီး စိုးရိမ်နေရပါပြီ" လို့ အသက် ၅၁ နှစ်အရွယ် ဆာဘီယိုက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဆာဘီယိုဆီက တိုင်ကြားလွှာ ရပြီး အိုင်စီစီ အစိုးရရှေ့နေ ဖာတို ဘန်ဆိုဒါက ယင်းကိစ္စနဲ့ပတ်သက်လို့ ကနဦး စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေလျက်ရှိကြောင်း သိရပါတယ်။ ဆာဘီယိုရဲ့ တိုင်ကြားလွှာထဲမှာတော့ ဒူတာတေးရဲ့ မူးယစ်နှိမ်နင်းရေး စစ်ပွဲကြောင့် လူပေါင်း ၈,၀၀၀ ဝန်းကျင်ခန့် ဥပဒေကို ကျော်လွန် သတ်ဖြတ်ခံထားရတယ်ဆိုပြီး ဖော်ပြထားတာဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဒူတာတေးကို ဖမ်းဆီးထိန်းသိမ်းဖို့ ဆာဘီယိုက ဆန္ဒရှိနေပါတယ်။

သမ္မတ ဒူတာတေးကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရလာခဲ့ပြီးကတည်းက နိုင်ငံမှာ မူးယစ်နှိမ်နင်းရေးလုပ်ငန်းတွေကို အစွမ်းကုန်လုပ်ဆောင်သွားမယ်လို့ ကတိပေးပြီး လက်တွေ့လုပ်ဆောင်ပြနေလျက်ရှိသူဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly