တင်းမာမှုလျှော့ချရန်တောင်နှင့်မြောက် ကိုရီးယားသဘောတူ

တင်းမာမှုလျှော့ချရန်တောင်နှင့်မြောက် ကိုရီးယားသဘောတူ

ဆိုးလ်၊ သြဂုတ် ၂၅။ ။ တင်းမာမှုလျှော့ချရန် သဘောတူညီချက်တစ်ခုအရ မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်အသံလွှင့်မှုများကို တောင်ကိုရီးယားက ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

ယခုလအစောပိုင်းက နယ်စပ်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် တောင်ကိုရီးယားစစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် တောင်ကိုရီးယားသည် မြောက်ကိုရီးယားဆန့်ကျင်ရေးဝါဒဖြန့် အသံလွှင့်မှုများကို စတင်ခဲ့ရာ မြောက်ကိုရီးယားကို ဒေါသထွက်စေခဲ့သည်။ တင်းမာမှုများက သြဂုတ် ၂၀က အမြောက်များဖြင့် အပြန်အလှန်ပစ်ခတ်သည်အထိမြင့်မားခဲ့သည်။ မိုင်းထောင်မှုမပြုလုပ်ခဲ့ဟု မူလကငြင်းဆို ခဲ့သောမြောက်ကိုရီးယားက ဝမ်းနည်းကြောင်းထုတ်ဖော်ပြောဆိုပြီးနောက် သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်သည်။

သဘောတူညီချက်က ကိုရီးယားနှစ်နိုင်ငံကြားပြသနာများကို ယုံကြည်မှုဖြင့် ဖြေရှင်းရန် အခွင့်အခါတစ်ခု ဖြစ်နိုင်ကြောင်း တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက ပြောကြားခဲ့သည်။

စစ်မဲ့ဇုန်ါအတွင်း စစ်ရပ်စဲရေးကျေးရွာ ပန်မွန်ဂျွမ်တွင် ကြာမြင့်သည့် ဆွေးနွေးမှုများပြုလုပ်ပြီးနောက် သြဂုတ်၂၄ရက်ည နှောင်းပိုင်းက သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ သဘောတူညီချက် အရတောင်ကိုရီးယားသည် ဝါဒဖြန့်ချိရေးအသံလွှင့်ထုတ်မှုများကို သြဂုတ် ၂၅ နေ့လည်တွင် ရပ်နားရမည်ဖြစ်သကဲ့သို့ မြောက်ကိုရီးယားကလည်း တစ်စိတ်တစ်ပိုင်းစစ်ဖြစ်နေ သည်ဆိုသည့်ကြေညာ ချက်ကို အဆုံးသတ်ကာ နယ်စပ်တွင် ချထားသောတပ်များကို ရုပ်သိမ်းပေးရမည်ဖြစ်သည်။

ထို့အပြင် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအတွင်းက ကွဲကွာခဲ့သော မိသားစုများ ပြန်လည်ပေါင်းစည်းရေး ပြန်လည်စတင်ရန်လည်း နှစ်နိုင်ငံက သဘောတူညီခဲ့သည်။

ဆက်ဆံမှုမြင့်တင်ရေးအတွက် နောက်ထပ်ဆွေးနွေးပွဲများလည်း ရှိလာမည်ဖြစ်ကြောင်း တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအကြံပေးနှင့် ညိနှိုင်းရေးမှူး ကင်ကွန်ဂျင်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly