ရခိုင်ပြည်နယ်အရေးနှင့် ဆက်စပ်ပြီး နောက်ကြောင်းပြန်နိုင်သည့် အန္တရာယ်ရှိ၊ တားဆီး ပိတ်ဆို့မှုများ လုပ်မယ်လို့ ဥရောပသမဂ္ဂဆို

ရခိုင်ပြည်နယ်အရေးနှင့် ဆက်စပ်ပြီး နောက်ကြောင်းပြန်နိုင်သည့် အန္တရာယ်ရှိ၊ တားဆီး ပိတ်ဆို့မှုများ လုပ်မယ်လို့ ဥရောပသမဂ္ဂဆို
ဥရောပပါလီမန်ကိုယ်စားလှယ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ Mr. Panzeri အား ယနေ့ညနေပိုင်းက နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဓာတ်ပုံ- Hein Htet / EPA)

နေပြည်တော်(ဖေဖော်ဝါရီ ၁၆ရက်၊ ၂၀၁၈ခုနှစ်)။ ။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ(မူရင်းအသုံး)များ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာ ထွက်ပြေးရခြင်းဖြစ်စဉ်ကြောင့် ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအား ပြန်လည်သုံးသပ်ရတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ ၄ရက်ကြာ လာရောက်ခဲ့သည့် ဥရောပပါလီမန်အဖွဲ့ဝင်များက ၎င်းတို့၏ ခရီးစဉ်အပြီး ယနေ့ညနေပိုင်းပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ဥရောပပါလီမန်ကိုယ်စားလှယ်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ Mr. Pier Antonio Panzeri က “ချမှတ်မယ့် ရေးရာသဘောတရားများ၊ မူဝါဒများဟာ မြန်မာနိုင်ငံသားများကို ထိခိုက်နစ်နာစေမှာ မဟုတ်ဘဲနဲ့ ဒီလုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကိုသာ သီးသန့်ရည်ရွယ်သတ်မှတ်ပြီးတော့ ထိုက်သင့်တဲ့ နောက်ဆက်တွဲ လုပ်ဆောင်မှုတစ်ချို့ကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု နေပြည်တော်၊ Hilton Hotel တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲစစချင်း မီဒီယာများကို ဖြန့်ဝေခဲ့သည့် သတင်းထုတ်ပြန်ချက်တွင်လည်း “ဥရောပသမဂ္ဂအနေနှင့် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ပြီး ကဏ္ဍတိုင်းတွင် တိုက်တွန်းအားပေးမှုများနှင့် တားဆီးကန့်ကွက်မှုများသာမက အခြေအနေများအပေါ် အခြေပြုသော မူဝါဒသစ်များ ချမှတ်ဖော်ဆောင်သွားမည်” ဟု ဖော်ပြထားသည်။

ရခိုင်အရေးနှင့်စပ်လျဉ်းပြီး မြန်မာ့ဒီမိုကရေစီအပြောင်းအလဲဖြစ်စဉ်သည် စိတ်ချ၊ ယုံကြည်ရသည့် အခြေအနေတွင် ရှိမနေဘဲ အတိတ်ကာလသို့ ပြန်လည်ရောက်ရှိနိုင်သည့် အန္တရာယ် ရှိနေသည်ဟုလည်း ကိုယ်စားလှယ်အဖွဲ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဥရောပလွှတ်တော်၊ လူ့အခွင့်အရေးဆိုင်ရာဆပ်ကော်မတီမှ ကိုယ်စားလှယ် ၉ဦးပါသော အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar နယ်မြေရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကြပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အနေဖြင့် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားခွင့်မရခဲ့သလို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့် မရခဲ့ပေ။

“အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်ရတာက လူ သန်း၅၀၀ကို ကိုယ်စားပြုပြီးလာတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ပေမယ့် ရခိုင်ပြည်နယ်ကို သွားရောက်ခွင့် မရှိပါဘူး။ အဲ့ဒီအပြင် The Lady မြန်မာနိုင်ငံအမျိုးသမီးခေါင်းဆောင်ကြီးကလည်း ကျွန်မတို့ကို တွေ့ဆုံဖို့ ဆန္ဒမရှိတဲ့သဘောလို့ သုံးသပ်မိပါတယ်” ဟု ကိုယ်စားလှယ်အဖွဲ့မှ Ms. Soraya Post က ပြောသည်။

သို့ရာတွင် လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရဝန်ကြီးတချို့ကိုလည်း တွေ့ခွင့်ရခဲ့သည်ဟု ကိုယ်စားလှယ်အဖွဲ့က ဆိုသည်။

“မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကာလအတွင်း လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ရှိတဲ့အခါမှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာ တွေ့ရပါတယ်။ ပြီးတော့ ထောင်တွင်းအကျဉ်းချမှုတွေနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်မရှိဘူးဆိုတဲ့ သက်သေတွေ ထင်ထင်ရှားရှား တွေ့ရပါတယ်” ဟု Mr. Panzeri က ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းမှ ဖြစ်ရပ်များကို စုံစမ်းဖော်ထုတ်မည့် ကော်မတီတစ်ရပ်ဖွဲ့စည်းရေး၊ နိုင်ငံကင်းမဲ့သူများ၏ ပြဿနာကို ပြေလည်စေမည့် ရှုထောင့်အမြင်ဖြင့် ၁၉၈၂ နိုင်ငံသားဥပဒေ ပြင်ဆင်ရေး၊ နိုင်ငံအတွင်းရှိ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေကို ထိရောက်သော စောင့်ကြပ်ထိန်းကွပ်မှုပြုလုပ်ခြင်းနှင့် ရခိုင်ပြည်နယယ်သို့ အတားအဆီးကင်းမဲ့သော လူသားဆိုင်ရာ အထောက်အပံ့ပြုလုပ်နိုင်ရေးနှင့် နိုဝင်ဘာ (၂၃) သဘောတူညီချက်ကို UCHCR ၏ ခိုင်မာသော ပါဝင်ဆောင်ရွက်နိုင်မှု အပါအဝင် အာမခံချက်များနှင့် အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ကိုလည်း ကိုယ်စားလှယ်အဖွဲ့၏ ထုတ်ပြန်ချျက်တွင် တောင်းဆိုထားသေးသည်။

အထက်ပါ ကိုယ်စားလှယ်အဖွဲ့၏ သတင်းထုတ်ပြန်ချက်နှင့် ပြောကြားချက်များအပေါ် နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် ၎င်းအနေဖြင့် ထုတ်ပြန်ချက် အပြည့်အစုံကို မဖတ်ရသေးသည့်အတွက် လတ်တလော မှတ်ချက်မပေးနိုင်သေးကြောင်း တုံ့ပြန်ခဲ့သည်။

၂၀၁၇ခုနှစ်၊ ဩဂုတ်လ ၂၅ရက်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များ၏ နောက်ဆက်တွဲအဖြစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဒုက္ခသည် ၆သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားပြီး ပြန်လည်လက်ခံရေးလုပ်ငန်းများ ယခုအထိ မစတင်နိုင်သေးပေ။

မြန်မာနိုင်ငံမှ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယမန်နေ့က ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ဒုက္ခသည်များ ပြန်လည်လက်ခံရန် အသင့်ဖြစ်နေပြီဟု အဆိုပါ ခရီးစဉ်တွင် ပြောဆိုခဲ့ကြောင်း ဒေသတွင်း မီဒီယာများတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly