ကိုကာကိုလာကုမ္ပဏီနှင့် အလုပ်သမားများ ဆွေးနွေးညှိနှိုင်းမှု ပြေလည်မှုရရှိ

ကိုကာကိုလာကုမ္ပဏီနှင့် အလုပ်သမားများ ဆွေးနွေးညှိနှိုင်းမှု ပြေလည်မှုရရှိ

ရန်ကုန် ဖေဖော်ဝါရီ ၁၆ ။        ။ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ ကိုကာကိုလာအချိုရည်စက်ရုံမှ အလုပ်ထုတ်ပယ်ခံရသည် ဆိုသော အလုပ်သမားများနှင့် ကိုကာကိုလာ ကုမ္ပဏီတာဝန်ရှိသူများ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် မှော်ဘီမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးမှူးရုံး၌ ဆွေးနွေးညှိနှိုင်းများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်အကြား ပြေလည်မှုရရှိခဲ့ပြီဖြစ်ကြောင်း ယင်း စက်ရုံ အလုပ်သမားအဖွဲ့မှ ဦးဝင်းနိုင်က မဇ္ဈိမသို့ ပြောသည်။

ယနေ့နေ့လည် ၁ နာရီမှ ညနေ ၆ နာရီအထိ ပြု လုပ်ခဲ့သည့် အဆိုပါညှိနှိုင်းမှုတွင် ကုမ္ပဏီဘက်မှ လိုက်လျောမှု အချို့ရှိခဲ့ပြီး အလုပ်သမား နစ်နာကြေးကိစ္စလည်း ညှိနှိုင်းနိုင်ခဲ့သည်ဟု အလုပ် သမားအဖွဲ့မှ ဦးဝင်းနိုင်က ပြောသည်။

" အခြေအနေကတော့ အလုပ်သမားတွေဘက် က တောင်းဆိုတဲ့ နောက်ဆုံးရတဲ့လစာတွေကို လုပ်သက် အလိုက် လျော်ကြေးပေးပြီးတော့ ပြီး သွားတာပေါ့၊ ကျွန်တော်တို့နောက်ဆုံးရတဲ့လစာ ဆိုတာက အနည်းဆုံး ကျွန်တော်တို့ဆီမှာ ဝန်ထမ်းတစ်ယောက်က ၅ သိန်းလောက်အထိ အောက်ထစ်ဝင်တယ်ဗျာ၊ အဲဒီလို ၅ သိန်း နှုန်းထားလောက်နဲ့ပေါ့၊ လုပ်သက် နှစ်ဘယ်လောက် ရှိလဲ၊ အဲဒီလုပ်သက်ကို အခုရတဲ့လစာနဲ့ လျော်ပေးမယ် ပေါ့၊ အဲဒီလိုနဲ့ပြီးသွားတယ်၊ လုပ်သက်များတဲ့သူက ပိုများမယ် ။ နစ်နာကြေးက၊ လေး ငါး ဆယ်နှစ်သမားတွေ က ပိုရသွားမယ်၊ လုပ်သက် နည်းသူက နည်းမှာပေါ့၊ မရဘူးဆိုရင် အနည်း ဆုံး ၁၅ သိန်းလောက်ရမယ်ပေါ့" ဟု ဦးဝင်းနိုင်က ပြောသည်။

ကိုကာကိုလာအချိုရည်စက်ရုံမှ ဝန်ထမ်း ၂၁၀ ကို အခြားကုမ္ပဏီများသို့လွှဲပြောင်းရန် စီစဉ်ခဲ့ခြင်းအပေါ် စက်ရုံဝန်ထမ်းများနှင့် အလုပ်ရှင်အကြား တင်းမာမှုအချို့ရှိခဲ့ပြီး ယင်းကိစ္စကို ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

ကိုကာကိုလာအချိုရည်များကို တစ်နိုင်ငံလုံးသို့ ဖြန့်ချိနေသည့် သယ်ယူပို့ဆောင်ရေးဌာနရှိ ဝန်ထမ်း ၂၁၀ ကို ဖေဖော်ဝါရီ ၁၃ ရက်က အစည်းအဝေး ခေါ်ယူ၍ လုပ်ခလစာ တစ် လစာပေး ကာ DHL, CJ, KO STAR စသည့် ကုမ္ပဏီများသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် အပြီးလွှဲပြောင်းပေးသွား မည်ဟု စက်ရုံတာဝန်ရှိသူများပြောကြားခဲ့သည် အပေါ် စက်ရုံအလုပ်သမားများက မကျေနပ် ဖြစ် ခဲ့ကြကြောင်း သိရသည်။ ယင်းနောက် ဝန်ထမ်းများ တစ်ဦးလျှင် ကျပ်သိန်း ၂၀၀ နစ်နာကြေး တောင်းခံခဲ့ကြသည်။

ကိုကာကိုလာကုမ္ပဏီမှပြောင်းရွှေ့ပေးရန် စီစဉ် နေသည့် အခြားကုမ္ပဏီတွင် ဆက်လက်လုပ် ကိုင်မည် မဟုတ်သည့်အပြင် ကိုကာကိုလာကုမ္ပဏီမှလည်း လကုန်လျှင် အလုပ်ထွက်ကြမည်ဟု အလုပ်သမားအဖွဲ့မှ ဦးဝင်းနိုင်က ပြောသည်။

" ဟိုဘက်ကိုတော့ ကျွန်တော်တို့က သွားဖို့ အစီ အစဉ်မရှိဘူး၊ ဒီလကုန်ရင် ဒီစက်ရုံကထွက်ပြီး၊ ပြီးပြီပေါ့၊ ဒီဇာတ်လမ်းက၊ အလုပ်သမား ၂၀၀ ကျော် အကုန်လုံး အလုပ်ထွက်ကြမှာ" ဟု ဦးဝင်းနိုင်က ပြောသည်။

ယင်းစက်ရုံက အလုပ်သမားများ၏ အခြေခံ လ စာသည် ကျပ်ငွေ ၂ သိန်း သတ်မှတ်ထားပြီး ဖုန်းဘေနှင့် ဖယ်ရီကြေးအပါအဝင် ကျပ် ၂၄၀၀၀၀ မှ ကျပ် ၂၇၀၀၀၀ အထိ ရရှိသည့် အပြင် ၁ လအတွင်း ပစ္စည်းပို့ဆောင်ခအနေနှင့် နယ်ခရီး ၁ ခေါက်ကို ကျပ်ငွေ ၅၂၀၀၀ နှုန်းလည်း ရရှိကြောင်း သိရသည်။

ကိုကာကိုလာကုမ္ပဏီတွင် လက်ရှိဝန်ထမ်း ၁၅၀၀ ကျော်ရှိပြီး ၂၀၁၃ ခုနှစ် ဇွန်လမှစတင်၍ မြန်မာ နိုင်ငံတွင် လုပ်ငန်းစတင်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly