ရုပ်/သံ ဥပဒေကြမ်း အတည်ပြုရန် ဆိုင်းငံ့

ရုပ်/သံ ဥပဒေကြမ်း အတည်ပြုရန် ဆိုင်းငံ့

နေပြည်တော်၊ ဩဂုတ် ၂၅ ။         ။ သမ္မတ ဦးသိန်းစိန်၏ သဘောထားမှတ်ချက်ဖြင့် ပြန်ပို့လာသော ရုပ်မြင်သံကြားနှင့် အသံထုတ် လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို  တစ်ပိုဒ်ချင်းစီ အတည်ပြုနေစဉ်  ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်မှုလုပ်ငန်းလိုင်စင်နှင့်ပတ်သက်သော ပုဒ်မကြောင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်သည်။

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာလုပ်ငန်းလိုင်စင်ကို ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းနှင့် သက်တမ်းတိုးခြင်းတို့ကို ဆုံးဖြတ်ချက်ချရန် အငြင်းပွားမှုကြောင့် ဆိုင်းငံ့ရန် ဩဂုတ် ၂၄ ရက်က လွှတ်တော် တွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းလိုင်စင်ကို ခွင့်ပြု၊ ငြင်းပယ်နှင့် သက်တမ်းတိုးခြင်းတို့ကို ဥပဒေကြမ်းတွင် ဖွဲ့စည်းရမည့် “အဖွဲ့” က ဆုံးဖြတ်ရန် သမ္မတက သဘောထားရှိနေခြင်းဖြစ်ကာ လွှတ်တော်အမတ် နှစ်ဦးကမူ “ကောင်စီ” က ဆုံးဖြတ်ရမည်ဟု ဆွေးနွေးခြင်းကြောင့် ဆိုင်းငံ့ထား လိုက်ခြင်းလည်းဖြစ်သည်။

ယင်းဥပဒေကြမ်းပါ “အဖွဲ့” တွင် အစိုးရအဖွဲ့ဝန်ကြီးများဖြင့် ဦးဆောင်ဖွဲ့စည်းမည်ဖြစ်ပြီး “ကောင်စီ” ကိုမူ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် သမ္မတတို့က အချိုးကျ ဖွဲ့စည်းမည်ဖြစ်သည်။

“ဒါနဲ့ ပတ်သက်လို့တော့ ဒီထက်နည်းနည်းလေး ဒီထက်ရှင်းအောင် စဉ်းစားဆုံးဖြတ်ဖို့ လိုမယ်လို့ ယူဆပါတယ်။ မဲခွဲလိုက်ရင်တော့ ခဏအတွင်း ပြီးသွားမယ်။ သို့ရာတွင် မဲခွဲဆုံးဖြတ်မှုဟာ  မှန်ကန်တဲ့ ဆောင်ရွက်မှု မဖြစ်ဘူးဆိုလို့ရှိရင်လည်း လုပ်လာတာတွေ ဘာမှ အဓိပ္ပာယ်မရှိဘူးဖြစ်သွားလိမ့်မယ်” ဟု ဆိုကာ သူရဦးရွှေမန်းက ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။

ယင်း ဥပဒေကြမ်းပုဒ်မအပေါ် ပြန်လည်သုံးသပ်ညှိနှိုင်းရန်လည်း သူရဦးရွှေမန်းက လွှတ်တော်တွင် ပြောသည်။

“ဝန်ကြီးတွေပါဝင်တဲ့ အဖွဲ့ရဲ့ သဘောတူညီချက် ရယူရမယ်ဆိုတာဟာ ချုပ်ကိုင်နိုင်တဲ့သဘောတရား တွေ့နေရပါတယ်” ဟု အဆိုပါ ဥပဒေကြမ်းအပေါ် ဆွေးနွေးခဲ့သည့် ပြည်သူ့လွှတ်တော်အမတ် ဦးစိုးပိုင်က ဆိုသည်။
 
ပြည်သူ့လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးခိုင်မောင်ရည်ကလည်း ရုပ်/သံထုတ်လွှင့်ခြင်း ဆိုင်ရာ လုပ်ငန်းလိုင်စင် အား ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းနှင့် သက်တမ်းတိုးခြင်းကို ကောင်စီကသာ ဆုံးဖြတ် သင့်သည်ဟု ဆွေးနွေးခဲ့သည်။

ယင်းဥပဒေကြမ်းကို ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကမူ “လိုင်စင်ကို ရုပ်သိမ်းတာ၊ ဆိုင်းငံ့တာ၊ လိုင်စင်ထုတ်ပေးဖို့ ငြင်းဆိုတာနဲ့ ပတ်သက်လို့ရှိရင် အယူခံတဲ့ ယန္တရားတစ်ခုရှိသင့်တယ်။ ဘာလို့လည်းဆိုတော့ ဒီဟာက လုပ်ငန်းပမာဏလည်းကြီးမားတယ်။ ရင်းနှီးမြုပ်နှံမှုလည်း များတဲ့အတွက်ကြောင့်မို့လို့ ကောင်စီတစ်ခုထဲက ဆုံးဖြတ်မယ်ဆိုရင် ကောင်စီရဲ့ဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်ဖို့ အတွက် ယန္တယားတစ်ခုထားဖို့လိုတယ်လို့ သမ္မတကြီးက အကြံပြုတယ်။

အဲ့မှာ ဥပဒေကြမ်း ပူးပေါင်းကော်မတီနဲ့ ဆွဲလိုက်တဲ့အခါကျတော့ အဲ့ဒါကို အဖွဲ့ကို အယူခံပါဆိုပြီးတော့မှ သတ်မှတ် ပေးလိုက် တာပေါ့။ ဒါပေမယ့် ဦးခိုင်မောင်ရည်တို့ကတော့ အဖွဲ့နဲ့ ကောင်စီနဲ့ လုပ်ငန်း ချင်းရောထွေးနေမှာစိုးလို့ အဲ့ဒါကို ကန့်ကွက်တယ်။ အဲ့ဒါကြောင့် နာယကကြီးကတော့ အဖြေတစ်ခုပြန်ရှာပါလို့ ပြောတော့ သူတို့ ဒီကနေ့ညနေ အဖြေရှာမယ်ထင်တယ်” ဟု သတင်းထောက်များ ကိုပြော သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly