ပုသိမ် မုံရွာလမ်းဆုံတွင် မြန်မာဝမ်ပေါင်ကုမ္ပဏီအား ဆန္ဒပြ

ပုသိမ် မုံရွာလမ်းဆုံတွင် မြန်မာဝမ်ပေါင်ကုမ္ပဏီအား ဆန္ဒပြ
(ဓာတ်ပုံ- Thet Naing Win)

မုံရွာ၊ ဖေဖော်ဝါရီ ၁၆ ။    ။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ဆောင်နေသော မြန်မာဝမ်ပေါင်ကုမ္ပဏီအား ကျဆုံးစေရန်နှင့် ကြေးနီ စီမံကိန်းရပ်ဆိုင်းရန်အတွက်ဟု ဆိုကာ ဖေဖော်ဝါရီ ၁၆ ရက်၊ ပုသိမ် မုံရွာလမ်းဆုံတွင် လက်ပံတောင်းတောင် ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါ အချက်များကို လိုက်နာခြင်းမရှိသည့် ကြေးနီစီမံကိန်းကြောင့် ဒေသခံများမှာ အလုပ်အကိုင်ထိခိုက်မှုများ ခံစားနေရသဖြင့် အမြန်ဆုံးရပ်ဆိုင်းပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ကုမ္ပဏီ၏ စွန့်ပစ်ညစ်ညမ်းရေများကြောင့် ချင်းတွင်းမြစ်အတွင်းရှိ မြေနုကျွန်းများ ထိခိုက်ခြင်း၊ ကြေးနီစီမံကိန်း ကျောက်ခွဲစက်မှ ကျောက်မှုန့်များမှာလည်း စိုက်ပျိုးမြေများပေါ်၌ ကျရောက်ခြင်းများ ဖြစ်ပွားလျှက်ရှိကြောင်း လက်ပံတောင်းတောင်ဒေသခံ မရီဝင်းက ပြောသည်။

ထို့ပြင် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါ အချက်များဖြစ်သည့် အစားထိုးမြေဧက ၁၉၀၀ ကျော်အား ပြန်လည်ဖော်ဆောင်ပေးခြင်းမရှိပဲ ပိုလျှံမြေများကိုလည်း စွန့်လွှတ်ခြင်းမရှိခြင်းတို့ကြောင့် စီမံကိန်းရပ်ဆိုင်းရန် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသညိ။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရန်အတွက် ယနေ့ဆန္ဒထုတ်ဖော်ခဲ့ကြရာတွင် မိုးကြိုးပြင်သုံးရွာ၊ ဆည်တည်း ၅ ရွာ၊ တုံကျေးရွာ တို့မှ ဒေသခံများ လာရောက်ဆန္ဒပြခဲ့ကြပြီး တာဝန်ကျ ရဲဝန်ထမ်းများကလည်း လမ်းဆုံ၌ လမ်းပိတ်ဆို့ထားခဲ့ကြသည်။

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းစုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည် ခေါင်ဆောင်ဖွဲ့စည်းခဲ့ပြီး အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီကို နိုင်ငံတော်သမ္မတရုံးမှ၂၀၁၃ ခုနှစ် မတ်လ အတွင်းက ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly