ရေခဲသေတ္တာအတွင်း တွေ့ရှိသည့် ဖိလစ်ပိုင်အိမ်အကူ၏ ရုပ်အလောင်းအား ကူဝိတ်နိုင်ငံမှ ဖိလစ်ပိုင်သို့ ပြန်သယ်လာ

ရေခဲသေတ္တာအတွင်း တွေ့ရှိသည့် ဖိလစ်ပိုင်အိမ်အကူ၏ ရုပ်အလောင်းအား ကူဝိတ်နိုင်ငံမှ ဖိလစ်ပိုင်သို့ ပြန်သယ်လာ

မနီလာ၊ ဖေဖော်ဝါရီ ၁၆ ။         ။ ကူဝိတ်နိုင်ငံတွင် ရေခဲသေတ္တာအတွင်း တွေ့ရှိသည့် ဖိလစ်ပိုင်အိမ်အကူ၏ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၆ ရက်တွင် နိုင်ငံရင်း ဖိလစ်ပိုင်သို့ ပြန်လည်သယ်ဆောင်လာရာ ဖြေမဆည်နိုင်စရာအဖြစ် အိမ်ပြန်ခရီးအား ဝမ်းနည်းမှုဖြင့် ကြိုဆိုခဲ့ကြသည်။
ဖိလစ်ပိုင်နိုင်ငံသားများ ပင်လယ်ကွေ့ကူဝိတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခြင်းကို သမ္မတ ဒူတာတေးက ပိတ်ပင်တားမြစ်လိုက်ပြီး ရက်ပိုင်းအတွင်းမှာပင် ယခုကဲ့သို့ အိမ်အကူ၏ ရုပ်အလောင်းအား နေရပ်ပြန်သယ်လာခြင်းလည်း ဖြစ်သည်။
အသက် ၂၉ နှစ်ရှိ အိမ်အကူ ဂျိုအန်နာဒီမာဖီလိစ်၏ ရုပ်အလောင်းကို ယခုလအစောပိုင်းက ရေခဲသေတ္တာတစ်ခုအတွင်း ထည့်သိုထားသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ အိမ်ရှင်များဖြစ်ကြသော လက်ဘရွန်နိုင်ငံသား အမျိုးသားနှင့် ဆီးရီးယားနိုင်ငံသူ အမျိုးသမီးတို့မှာ ၂၀၁၆ ခုနှစ်အတွင်းကတည်း ပျောက်ကွယ်နေခြင်းဖြစ်ကာ ယခုမှ အိမ်အကူ၏ ရုပ်အလောင်းအား တွေ့ရှိရခြင်း ဖြစ်သည်။
ဂျိုအန်နာ၏ ယခုလို သေဆုံးမှုက ကူဝိတ်နှင့် ဖိလစ်ပိုင်ကြား သံတမန်တင်းမာမှုကို ဖြစ်ပွားစေပြီး ရေနံကြွယ်ဝသော ကူဝိတ်နိုင်ငံသို့ အလုပ်သမားသစ်များ စေလွှတ်ခြင်းကို ဖိလစ်ပိုင်က လုံးလုံးပိတ်ပင်ကြောင်း ကြေညာဖြစ်စေသကဲ့သို့ ရာပေါင်းများစွာသော အလုပ်သမားများလည်း နေရပ်ပြန်လာခဲ့ကြကာ ကူဝိတ်နိုင်ငံအား ရှုတ်ချမှုများ ဖြစ်ပွားစေသည်။
မနီလာလေဆိပ်သို့ ဖေဖော်ဝါရီ ၁၆ ရက်တွင် ရောက်ရှိလာသော သေဆုံးသူ ဂျိုအန်နာ၏ အခေါင်းကို ညီမဖြစ်သူက ဖက်ကာ အဆက်မပြတ်ငိုကြွေးနေရာ ဝမ်းနည်းဖြေမဆည်နိုင်ဖြစ်နေသည့် မောင်ဖြစ်သူက နှစ်သိမ့်မှု ပေးနေရသည်။
“ကျွန်တော်တို့အတွက် ဆုံးရှုံးမှုကြီးပါ။ ညီမလေး ဂျိုအန်နာရဲ့ အိပ်မက်က မိဘနဲ့ မောင်ငယ်နှမငယ်တွေကို ထောက်ပံ့ပေးနိုင်ဖို့ ခုလို နိုင်ငံခြားမှာ သွားရောက်လုပ်ကိုင်တာပါ။ အဖေတို့ အမေတို့က ခုထိ ဒီအဖြစ်ကို လက်မခံနိုင်သေးဘူး။ ကျွန်တော် အစ်မကို သတ်သွားသူတွေကို တွေ့မယ်လို့ ကျွန်တော် မျှော်လင့်ထားတယ်။”ဟု မောင်ဖြစ်သူ ဂျိုးဂျက်ဒီမာဖီလိစ်က ပြောခဲ့သည်။
ကူဝိတ်တွင် အလုပ်လုပ်ကိုင်နေသည့် ဖိလစ်ပိုင်နိုင်ငံသား ၂၅၂၀၀၀ ရှိပြီး အများစုမှာ အိမ်အကူများဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။
ကူဝိတ်နိုင်ငံတွင် အိမ်အကူများသည် မူရင်းအလုပ်သမားဥပဒေအရ လွှမ်းခြုံမှု မရှိဘဲ ယင်းနိုင်ငံအတွင်း အိမ်အကူများကို နိုင်ထက်စီးနင်းအလွဲသုံးမှုများနှင့် ခေါင်းပုံဖြတ်ခြင်းများ ရှိနေကြောင်း ဖိလစ်ပိုင်က ပြောဆိုထားသည်။
ဂျိုအန်နာသေဆုံးမှုနောက်ပိုင်းတွင် သမ္မတ ဒူတာတေးက ကူဝိတ်အား ပြင်းထန်စွာ ပြစ်တင်ပြောဆိုပြီး အာရပ်အလုပ်ရှင်များသည် ဖိလစ်ပိုင်အလုပ်သမားများကို မုဒိမ်းပြုကျင့်ခြင်းများ၊ တစ်နေ့ ၂၁ နာရီ အတင်းအကြပ်ခိုင်းစေခြင်းများနှင့် စားကြွင်းစားကျန်များကိုသာ ကျွေးမွေးခြင်းများ စသည်တို့ကို လွန်ကျုးနေကြောင်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly