ဧရာဝတီတိုင်း ကျေးလက်တွင် လျှပ်စစ်မီးရပါက SME လုပ်ငန်းများ ဖွံ့ဖြိုးလာနိုင်

ဧရာဝတီတိုင်း ကျေးလက်တွင် လျှပ်စစ်မီးရပါက SME လုပ်ငန်းများ ဖွံ့ဖြိုးလာနိုင်

ပုသိမ်၊ ဖေဖော်ဝါရီ ၁၆ ။            ။ ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသများ၌ လျှပ်စစ်ဓာတ်အား ရရှိလာလျှင် ကျေးရွာများ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ( SME)  ဖွံဖြိုးတိုးတက်လာနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက မဇ္ဈိမသို့ ပြောသည်။

"ကျွန်တော်တို့ဧရာဝတီတိုင်းဒေသကြီးမှာ မီးရရှိဖို့နည်းမျိုးစုံနဲ့ လုပ်ပါတယ်။ ကိုယ်ထူကိုယ်ထနဲ့ မီးလင်းရေး တွေ လုပ်တာတွေလည်း ရှိတယ်။ ဓါတ်အားလိုင်းတွေ ရောက်ဖို့လည်း အရေးကြီးပါတယ်၊ ရောက်မှပဲ ဆက်လို့ရမှာပါ၊ ပြည်ထောင်စုကလည်း NEP နဲ့လုပ်နေတာတွေလည်းရှိပါတယ်။ ဓါတ်အားလိုင်းတွေ ဆက်ပေးနိုင်ရန် ကျေးလက်မီးရရှိရေး ပိုအဆင်ပြေနိုင်တယ်၊ကျွန်တော်တို ့တိုင်းက မြစ်ဝကျွန်းပေါ်ဖြစ်နေတယ် ။ မြစ်တွေ၊ ချောင်းတွေ ခြားနေတယ်။ ကျွန်တော်ဖြစ်ချင်တာ ကျေးလက်တွေမီးလင်းရေးတင်မကဘဲ အသေးစား စီးပွားရေးလုပ်ငန်းတွေ တိုးတက်မယ်။ ကျေးလက်ရယ်၊ စီးပွားရေးလုပ်ငန်းတွေ အဆင်မြင့်လာမယ်”ဟု ဧရာဝတီတိုင်းဒေသကြီး၊ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင်၂၀၁၇-၁၈ဘဏ္ဍာနှစ်ပြီးလျှင် လျှပ်စစ်ဓာတ်အားဖြင့် ကျေးရွာ ၈၅၇၊အခြားနည်းဖြင့် ကျေးရွာ ၅၆၀၄ရွာ၊စုစုပေါင်းကျေးရွာ၆၄၆၁ရွာတွင် ဓာတ်အားရရှိပြီး၊ကျေးရွာ၅၅၀၂ရွာ ဓာတ်အား မရရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ်၊ရွှေသောင်ယံမြို့ မီးလောင်ဂျိုင် LNG to Power  လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်း၏ ပထမအဆင့်အား (၃၆) လနှင့် ဒုတိယအဆင့်ကို (၄၂) လအတွင်း ပြီးစီးပါက စုစုပေါင်း မဂ္ဂါဝပ် (၁၃၉၀) ခန့် အား Zhefu & Supreme ကုမ္ပဏီ က ထုတ်လုပ်သွားမည်ဖြစ်ကြောင်းကို တိုင်းလျှပ်စစ် စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရသည် ၂၀၁၇ခုနှစ်တွင် မြို့နယ်တစ်မြို့နယ်လျှင် ကျေးရွာနှစ်ရွာ လျှပ်စစ်ဓါတ်အား ရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရ စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး၊ ၎င်းစီမံကိန်း အတွက် စစ်ဆေးစမ်းသပ်မှုများကို ပြုလုပ်နေကြောင်း၊ယခု ခွင့်ပြုပေးထားသည့် ညောင်တုန်းစက်မှုဇုန်နှင့် မအူပင်စက်မှုဇုန်နှင့် ပုသိမ်စက်မှုဇုန်များ လျှပ်စစ်အား ၎င်းတို့မှ စီမံဆောင်ရွက်မည်ဟု ပြောထားကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly