ရေတွင်းထဲ ပြုတ်ကျသွားတဲ့ ဆင်ပေါက်လေးတစ်ကောင်ကို ထိုင်းရွာသားများ ကယ်တင်

ရေတွင်းထဲ ပြုတ်ကျသွားတဲ့ ဆင်ပေါက်လေးတစ်ကောင်ကို ထိုင်းရွာသားများ ကယ်တင်

ဖေဖော်ဝါရီ ၁၆ ။      ။ ရေတွင်းတစ်တွင်းထဲ ပြုတ်ကျနေခဲ့တဲ့ ဆင်ပေါက်လေးတစ်ကောင်ကို ကယ်တင်ပေးဖို့အတွက် ဖေဖော်ဝါရီ ၁၆ ရက်က ထိုင်းနိုင်ငံအရှေ့ပိုင်းက ရွာသားတစ်ချို့ နာရီအနည်းငယ်လောက် အလုပ်များခဲ့ကြပါတယ်။

အဆိုပါ ဆင်ပေါက်လေးကတော့ ရာဘာစိုက်ခင်းတစ်ခုရဲ့ ရေတွင်းတစ်တွင်းထဲမှာ ပြုတ်ကျနေခဲ့တာဖြစ်ပါတယ်။ရေတွင်းထဲမှာ ရေပေါ် ခေါင်းဖော်ထားဖို့ ကြိုးစားရင်းနဲ့ အဆိုပါဆင်ပေါက်လေးကို တွေ့ရတာ တော်တော်လေး ကြောက်လန့်နေပုံ ရတယ်လို့ ဆိုပါတယ်။

ပိုဆိုးတာကတော့ ဆင်ပေါက်လေး တွင်းထဲ ကျသွားချင်းချင်း သားဇောနဲ့ ပြေးလာတဲ့ မိခင်ဆင်မကြီးကလည်း ယင်းရေတွင်းအနီးအနားက လျှပ်စစ် ခြံစည်းရိုးတစ်ခုနဲ့ တိုက်မိပြီး ဓာတ်လိုက်လဲကျခဲ့သေးတယ်လို့လည်း သိရပါတယ်။ ပြီးတော့မှ ပြန်ထလာနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါ ဆင်သားအမိနှစ်ကောင်ရဲ့ အော်ဟစ်သံကြောင့် အနီးအနားက ရွာသားတွေ စုလာပြီး ဆင်ပေါက်လေးကို ကယ်ဖို့ လုပ်ခဲ့ကြရပါတယ်။

ရွာသားတွေက ရေတွင်းကို အပေါက်ချဲ့ဖို့အတွက် မြေတူးစက်အကူအညီ ယူပြီး ကြိုးပမ်းပေးခဲ့ရာမှာတော့ မနက်အာရုံမတက်ခင်မှာပဲ ဆင်ပေါက်လေး ပြန်တက်လာနိုင်အောင် လမ်းလုပ်ပေးလိုက်နိုင်တယ်လို့ သိရပါတယ်။

တွင်းပေါ် ပြန်ရောက်ရောက်ချင်း ဆင်ပေါက်လေးဟာ မိခင် ဆင်မကြီးဆီ ပြန်ပြေးသွားပြီး ပြီးတော့ နှစ်ကောင်စလုံး တောအုပ်ထဲ ဝင်ပြီး ပျောက်ကွယ်သွားတယ်လို့ သိရပါတယ်။

ယင်း ဖြစ်စဉ်ကတော့ Chantaburi ခရိုင်မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဒေသကတော့ တောဆင်ရိုင်းတွေ ရှိတဲ့ဒေသတစ်ခု ဖြစ်ပြီး ယင်းတိရိစ္ဆာန်တွေဟာ မကြာခဏဆိုသလို အနီးအနား စိုက်ခင်းတွေဆီ ဝင်ရောက်စားသောက် ဖျက်စီးတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly