မတ္တရာတွင် ၃ နှစ် အရွယ်ကလေးကို အဓမ္မပြုကျင့် သတ်ခဲ့သူအား သေဒဏ်ပေးရေး ဆန္ဒပြမည်

မတ္တရာတွင် ၃ နှစ် အရွယ်ကလေးကို အဓမ္မပြုကျင့် သတ်ခဲ့သူအား သေဒဏ်ပေးရေး ဆန္ဒပြမည်
ဓာတ်ပုံ- Nan Da

 

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၆ ။             ။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာအုပ်စု၊ မြွေကူးတို့ဆိပ်ရွာတွင် အသက် ၃ နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်သတ်ခဲ့သူအား သေဒဏ်ပေးရေးအတွက် လူအင်အား ၁၅ဝဝ ခန့် ဆန္ဒပြ တောင်းဆိုသွားရန် ခွင့်ပြုချက်တင်ထားကြောင်း မတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကလေးငယ်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူအား သေဒဏ်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုမှုကို မတ္တရာမြို့၊ ပန်းရအုပ်စု၊ ဝဲကြီးကျေးရွာမှ ဦးကျော်ကျော်က ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ သူတို့လုပ်မှာက ခန့်မှန်းခြေအင်အား ၁၅ဝဝ နဲ့လုပ်မှာပေါ့။ ၁၈ ရက်နေ့၊ မနက် ၇ နာရီမှာ လူစုမယ်ပေါ့ဗျ။ စီတန်းလှည့်မှာက ၉ နာရီကနေ ၃ နာရီထိလို့တင်ထားတာပေါ့။ စုရပ်ကတော့ မတ္တရာမြို့နယ်အဝင်က ဒင်္ဂါးချောင်းလမ်းဆုံပေါ့။ အဲ့ဒီကနေပြီးတော့ မြို့ပတ်လမ်းအတိုင်းသွားပြီးတော့ ရွှေပုထိုးဘုရားနား၊ ဟစ်တိုင် ကွင်းအထိပေါ့၊ ဒါတွေကို ခွင့်ပြုမိန့်တင်ထားပါတယ်”ဟု မတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

ထိုသို့ ဆန္ဒပြရာတွင် ကြွေးကြော်ချက်များမှာ သက်ငယ်မုဒိမ်းသေဒဏ်ပေးရေး.. ဒို့အရေး၊ သက်ငယ်မုဒိမ်း သေဒဏ်ပေးရေး ဥပဒေပြဋ္ဌာန်းရေး..ဒို့အရေး၊ သက်ငယ်မုဒိမ်း တရားခံ ဖြိုးထက်အောင်ကို သေဒဏ်ပေးရေး ..ပြည်သူ့အရေး၊ တရားဥပဒေစိုးမိုးရေး..ဒို့အရေး စသည့် ကြွေးကြော်ချက်များဖြင့် ဆန္ဒပြရန် မတ္တရာမြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးတွင် ခွင့်ပြုမိန့်တင်ထားကြောင်း သိရသည်။

“ ဆန္ဒပြတောင်းဆိုဖို့အတွက် ရဲစခန်းတော့ တင်ထားတယ် ပြောတယ်။ ဒါပေမယ့် ကလေးမိဘတွေနဲ့ အဲ့ဒီရွာ ကတော့ မဟုတ်ပါဘူးဗျာ။ ကျွန်တော်မေးကြည့်ပြီးပြီ။ ကလေးမိဘတွေကတော့ ဥပဒေအတိုင်းပဲ ဆောင်ရွက် ပေးပါဆိုပြီးတော့ တောင်းဆိုထားတာရှိတယ်။ လက်မှတ်ထိုးဘာညာ ကမ်ပိန်းထဲတော့ပါကြမှာပေါ့”ဟု မတ္တရာမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ နံနက် ၁ဝ နာရီခန့်အချိန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဥဒိန် ကျေးရွာအုပ်စု၊ မြွေကူးတို့ဆိပ်ကျေးရွာတွင် အသက် ၂၅ နှစ်အရွယ်ရှိ ဖြိုးထက်အောင်ဆိုသူက အသက် ၃ နှစ် အရွယ်ကလေးကို မိဘများမရှိခိုက် ငှက်ပျောခြံသို့ ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ အဓမ္မပြုကျင့်ခဲ့ရာတွင် ဖြိုးထက်အောင်ဆိုသူက ကလေးငယ် အော်မည်စိုး၍ ငှက်ပျောသီးမှည့်များ ကလေးပါးစပ်အတွင်း ထိုးသွင်းထားခဲ့ကြောင်း သိရသည်။

ထိုသို့ အဓမ္မပြုကျင့်နေသည်ကို ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးနေသော ဒေါ်သီဆိုသူက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 ကလေးငယ်ကို တွေ့ရှိချိန်တွင် ကလေးနှုတ်ခမ်းများမှာပြာနေကာ အသက်ရှုရပ်နေပြီး မတ္တရာမြို့နယ်ဆေးရုံသို့ ပို့ဆောင်စဉ် ကလေးငယ်မှာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးရမိခဲ့သည့် အသက် ၂၅ နှစ်အရွယ် ဖြိုးထက်အောင်ဆိုသူကို မတ္တရာမြို့နယ်၊ ရေနံ့သာနယ် မြေရဲစခန်းတွင် (ပ) ၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ- မုဒိမ်းမှု ၃၇၆/ လူသတ်မှု ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly