လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုအပေါ် ကာယကံရှင် လူငယ်အမျိုးသမီးတို့ ပြောဆိုမှု (အပိုင်း ၂ - နိဂုံး )

လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုအပေါ် ကာယကံရှင် လူငယ်အမျိုးသမီးတို့ ပြောဆိုမှု (အပိုင်း ၂ - နိဂုံး )

 

 အဲလို ကြုံပြီးတဲ့နောက်ပိုင်း ဖြတ်သန်းလာတဲ့ဘဝမှာ အဲဒီစိတ်ကြီးက မတင်မကျ ဖြစ်လာသေးလား။ ခိုးလိုခုလု ဖြစ်တာမျိုးတွေပေါ့။

ဒိန်းပိုပိုဒေါင် (သရုပ်ဆောင်)

ခိုးလိုခုလုဖြစ်တာကတော့ အဲဒီနေ့ပဲ၊  ဖြစ်တာပေါေ့နာ်။ အမဝိုင်းယုကကျတော့ စဉ်းစားတတ်တဲ့ အရွယ်ဆိုတော့ ဆင်ခြင်တတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အရှေ့မှာကလည်း ဟောဘူးတယ် ဆိုတော့လေ။ ပို ကကျတော့ တစ်ခါမှလည်း မဟောဖူးဘူး။ မစဉ်းစားတတ်ဘူး။ အဲဒါကြောင့်လည်း အဲဒီလိုမျိုး ခံခဲ့ရတာပေါ့။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ကြောက်လာတယ်။ အဲဒါနဲ့ ညဘက်ရောက်တော့ အဲဒီသူငယ်ချင်းနဲ့က အတူူတူပြန်လာတယ်လေ။ သူက အဲဒီညတုန်းက အိမ်မှာအိပ်တယ်။ ပြောပြရင်ကောင်းမလား မပြောရင်ကောင်းမလား ရှက်ကလည်းရှက်ဆိုတော့ သူငယ်ချင်းလို့ ငါ နင့်ကို ပြောစရာရှိတယ်လို့ ၊ သူက ဘာပြောချင်လို့လဲ ပြောတဲ့။ နင်ဘယ်သူ့မှမပြောပါနဲ့ ငါတောင်းပန်ပါတယ် ၊ ငါ့အမေကိုလည်း မပြောပါနဲ့ပေါ့။ အဲဒီတုန်းက မေကြီးနဲ့ အတူတူနေတာ။ မေကြီးကိုကြောက်ရတယ်။ အဲဒီလောက်ကြီးဖြစ်တဲ့ကိစ္စမပြောနဲ့ ဗေဒင်သွားမေးပါတယ်ဆိုတဲ့ကိစ္စတောင် မပြောရဲဘူး။ အဲဒီလောက်ထိ ကြောက်ရတယ်ဆိုတော့လေ သူငယ်ချင်းကလည်း အေးပါ ငါမပြောပါဘူး၊ ပြောတဲ့ ဆိုတော့ အဲဒီလို အဲဒီလိုပဲ ငါ့ကို အဲဒီလိုပဲ မေးတယ် ပြောတယ်လို့ ၊အဲဒါ ဟုတ်နိုင်လားဟင်လို့ ၊ငါ့ကို အဲဒီလိုမျိုးကိုင်တာတွေက သူတကယ် အစီအမံတွေနဲ့ လုပ်တယ်ဆိုတာ ဟုတ်နိုင်လားဟင်လို့။ တခြား ရှေ့မှာတွေလည်း အဲဒီလိုမျိုး လုပ်ခဲ့တာတွေ ရှိတယ်တဲ့၊ အဆင်ပြေသွားတယ်လို့ ပြောတယ်လို့ ၊အဲဒါ ဖြစ်နိုင်လားဟင်လို့ ၊မေးတော့ နင်က တုံးကိုတုံးတာ အဲလိုမျိုးတွေ ရှိမလား နင်မစဉ်းစားတတ်ဘူးလား ပေါ့ ၊ငါမှမသိတာ ငါ့ကို အဲဒီလိုမျိုးပြောတော့ ငါ ကြောက်တာပေါ့လို့။ နင်စဉ်းစားကြည့် သူ့နားမှာရှိတဲ့ တစ်ခုခုနဲ့ ငါ့ကို လုပ်လိုက်ရင် ငါဘယ်လိုလုပ်မလဲ ငါအရမ်းကြောက်တယ်လို့ ၊ ငါ အဲဒါကြောင့် ယုံသလိုလို မယုံသလိုလိုနဲ့ ငြိမ်ခံလာခဲ့ရတာလို့။ နင်က တုံးတာတဲ့ နောက်နေ့ကျရင် နင့်ကို ထပ်ချိန်းသေးလား တဲ့ ၊ အေး ငါ့ကို နောက်ထပ်ထပ်ချိန်းသေးတယ် ၂ ရက်နေရင် ပြန်လာခဲ့လို့ ပြောတယ်လို့ ၊အဲဒီနေ့ကျရင် နင်သွားဖို့မစဉ်းစားနဲ့ နင်မသွားနဲ့တဲ့ သွားမလားဟယ်လို့ ၊ အခုလိုပြော တာတောင် ကြောက်နေပြီလို့။ အဲဒီနေ့ကတော့ မတင်မကျဖြစ်ခဲ့တယ်ပေါ့။ အဲဒီနောက်ပိုင်းမှာတော့ အဲဒီကိစ္စကြီးကို လုံးဝ မေ့ပစ်လိုက်တယ်။

အခု ညီမလေးတို့လည်း တခြားအမျိုးသမီးတွေကြောင့် သိတယ်လို့ အမ ကြားတယ်လေ။ အဲဒီအကြောင်းတွေလည်း အမကို နည်းနည်း ပြောပြပေးပါဦး။

ဒိန်းပိုပိုဒေါင် (သရုပ်ဆောင်)

တခြားအမျိုးသမီးတွေက ပို တို့ထဲမှာ သူလုပ်တာ ခံခဲ့ရတာ နှုတ်နဲ့ရော ကိုယ်နဲ့ရော ခံခဲ့ရတာ။ ပိုတို့နှစ်ယောက် အပါအဝင်ဆိုရင် အားလုံးပေါင်း ၁၀ ယောက်ရှိတယ်။ အဲဒီ ၁၀ ယောက်လုံးက ဆိုတာက ပိုတို့ ၂ ယောက်ကလွဲပြီး ကျန်တဲ့ ၈ ယောက်က အမတစ်ယောက်က အမှုဖွင့်ထားတယ် သူ့ကို။ ကျန်တဲ့ ၇ ယောက်က သူတို့ရဲ့ အိမ်ထောင်ရေးတွေရှိတယ်။ သူတို့မိသားစုအရေးတွေကြောင့် အမျိုးမျိုးကြောင့် အမှုမဖွင့်နိုင်ဘူး။ အမှုဖွင့်ဖို့ကို သူတို့မှာ အချိန်မပေးနိုင်တဲ့အတွက်ကြောင့် သူတို့က လိုအပ်ရင် သက်သေအနေနဲ့ အမာခံ တကယ့်ကို လိုက်ပေးမယ့် အမ ၈ ယောက်ကျန်ပါသေးတယ်။ အဲဒါက သက်သေအနေနဲ့ အမာခံလိုက်ပေးမယ့် ၈ ယောက်။ ပိုပိုကို လူလုံးလည်းထုတ်မပြ ပြီးတော့ သက်သေအနေနဲ့လည်း မလိုက်ပေးနိုင်ဘူး ရှက်လို့ဆိုပြီး လာပြောတာက လေးယောက်ရှိတယ်။ အားလုံးပေါင်းရင် ၁၄ ယောက်ပေါ့နော်။ ဒါက ပိုပိုတို့ကို ရှက်ရှက်နဲ့လာပြောတာတောင် ၁၄ ယောက် ရှိတယ်ဆိုရင် နောက်ထပ် သူလုပ်လာခဲ့တာကလည်း ဘယ်လောက်သက်တမ်းရှိနေပြီလဲဆိုတာ မသိဘူးဆိုးတော့ တော်တော်များမယ်ထင်တယ်။

တရားစွဲတဲ့ ကိစ္စကရော။ ဘယ်လိုအခြေအနေရှိလဲ အဲဒါလေးလည်း ပြောပြပေးပါဦး။

ဒိန်းပိုပိုဒေါင် (သရုပ်ဆောင်)

ဘယ်လိုအခြေအနေရှိလဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင်တော့ တရားဥပဒေအတိုင်းကိုပဲ ဖြောင့်ဖြောင့်မတ်မတ်နဲ့ တာဝန်ရှိတဲ့လူတွေကို လုပ်ဆောင်စေချင်ပါတယ်။ လာဘ်စားခြင်းမရှိဘဲနဲ့ ၊ ပြီးတော့ ဒီအမှုကိုလည်း ရှည်ကြာအောင်လည်း မလုပ်ပါနဲ့ပေါ့နော်။ ပြောချင်တာကတော့ အပြစ်ရှိတဲ့ အပြစ်သားကို အမြန်ဆုံး အပြစ်ပေးနိုင်ဖို့အတွက်ကို ဆောင်ရွက်ပေးကြပါလို့ ပြောချင်တယ်။ ပြီးတော့ ဘယ်လိုအခြေအနေရှိလဲဆိုတော့ ရဲတစ်ယောက်က ပိုပိုကို မေးတယ်။ အဲဒါဆိုရင် သိသိကြီးနဲ့ ခံခဲ့ရတာလားတဲ့။ အဲဒိလိုမေးခွန်းမျိုး မေးတာကို ခံခဲ့ရတယ်။ သိသိကြီးနဲ့ ဒီအရွယ်မှာကတော့ အဲဒီအရွယ်တုန်းကတော့ ဘာမှမသိလို့ ခံခဲ့ရတာပေါ့။ သိသိကြီးနဲ့ ဒီအရွယ်မှာ လာလုပ်ရင်တော့ ကျမ ပါးရိုက်ခဲ့မှာပေါ့လို့ အဲဒီရဲကို ပိုပို ပြောခဲ့တယ်။ သူတောင်းပန်မယ်ဆိုရင်တောင်မှပဲ မကျေအေးပေးနိုင် ဘူး။ တစ်ယောက်တည်းဖြစ်ခဲ့တာလည်းမဟုတ်ဘူး။ ပိုပို တစ်ယောက်တည်းကပဲ ကျေအေးပေးမယ် ဆိုရင် တခြားအမတွေ ဘယ်လိုလုပ်ကြမလဲ ဒီထက်ဆိုးတဲ့ အမတောင် ရှိခဲ့တယ်ဆိုတေ့ာလေ သူ့ကို ပိုတို့အားလုံးကို လုပ်ခဲ့တာအတွက် ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ထိထိရောက်ရောက်နဲ့ ပေးစေချင်တယ်။

ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရတဲ့လူတွေဆိုတော့လေ သူက ဟိုတစ်လောက စာနယ်ဇင်း ရှင်းလင်းပွဲလုပ် တယ်။ သူမလုပ်ခဲ့ပါဘူးဆိုပြီးတော့ အဲဒီအချိန်မှာရော ဘယ်လိုခံစားရလဲ။

ဒိန်းပိုပိုဒေါင် (သရုပ်ဆောင်)

ပြောချင်တာကတော့ ပြောနေကျစကားပါပဲ။ ဘယ်သူခိုးကမှ ခိုးတယ်မပြောဘူး။ သူက ဝန်ခံမှာ မဟုတ်ဘူး။ သူ့အရှက်နဲ့ သိက္ခာကို ဘယ်လိုပဲဖြစ်ဖြစ် သူ ကာကွယ်ဖို့အတွက်ကို အခုချိန်မှာ သူကြိုးပမ်းမှာပဲ။ ဟုတ်တယ်လို့လည်း သူ ဝန်ခံမှာမဟုတ်ဘူး။ အဆုံးစွန်ထိ သူလိမ်နိုင်သလောက်ထိ ကို သူ လိမ်နေဦးမှာပဲ။ လိမ်လို့မရတဲ့အဆုံးမှာမှ သူ ဝန်ခံလာလို့ရှိရင်တော့ တစ်မျိုးပေါ့နော်။ သူ့ပုံစံကြည့်ရတာကတော့ ရှေ့နေကို အရမ်းအားကိုးတယ်။ သူ့နောက်ကနေ ကူညီပေးနေတဲ့ လူတစ်ချို့ကိုလဲ ပြောချင်တယ်။ မိန်းကလေးတွေဆိုရင်လည်း မိန်မသားခြင်း ကိုယ်ချင်းစာပြီးတော့ ပိုတို့ရဲ့ အမှန်တရားဘက်မှာ ရပ်တည်ပေးစေချင်တယ်။ ယောကျ်ားတွေကတော့ မိန်းမတွေရဲ့ စိတ်ကို နားမလည်နိုင်လို့ တိုက်ခိုက်တာ နားလည်ပေမယ့် မိန်းမသားအချင်းချင်းကျတော့ ဒါက မဖြစ်သင့်တဲ့ ကိစ္စ။ မိန်းမတွေရဲ့စိတ်ကို မိန်းမတွေပဲ နားလည်တယ်လေ။ အဲဒီတော့ မိန်းမအချင်းချင်းကျတော့ နားလည်ပြီးတော့ ကိုယ်ချင်းစာတရားရှိဖို့ကို ပြောချင်ပါတယ်။

အခု ခံရတဲ့ အမျိုးသမီးတွေက တဖြည်းဖြည်းနဲ့ များလာတယ်။ ဒါတောင်မှ သူ့ဘက်ကနေ ကာကွယ်ပြီး တော့ နေတဲ့သူတွေလည်း ရှိတယ်။ အဲဒီဟာတွေကိုရော ညီမလေးတို့ ဘာပြောချင်လဲ။

ဝိုင်းယုယ (သရုပ်ဆောာင်)

အမှန်တရားဆိုတာ တစ်ချိန်ကျရင် ပေါ်လာမှာပါ။ အနှေးနဲ့အမြန်ပေါ့။ ဒါပေမယ့် ညီမတို့က အမြန်ဆုံးဖြစ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြစ်မှုကျူးလွန်တဲ့လူတစ်ယောက်ကို လွှတ်ပေး လိုက်ပြီဆိုရင် သူနောက်ထပ် ပြစ်မှုကျူးလွန်မှုတွေ အများကြီး ရှိလာနိုင်တယ်။ ဒါက ပထမ ကိုယ်ထိလက်ရောက်လုပ်မယ်။ ပြီးလို့ရှိရင် မုဒိမ်းမှုဖြစ်လာမယ်။ မုဒိမ်းမှုပြီးရင် နောက်ပိုင်းမှာ လူသတ်မှုတွေ ဖြစ်လာနိုင်တယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ အမှုပေါင်းများစွာကို ဖြစ်လာနိုင်တယ် ပေါ့နော်။ အဲဒါကြောင့်မို့ ဒီအမှုကြီးကို မြန်မြန်ဆန်ဆန် ဖြစ်စေချင်တယ်။ ဥပဒေအရရော ရဲတွေရော အကုန်လုံး ပြည်သူတွေကပါ ဝိုင်းပြီးတော့ မကောင်းတဲ့လူတစ်ယောက်ကို အမြန်ဆုံး ရှင်းလင်းပေးစေ ချင်တယ်။ အဲဒီလိုမျိုးလေး ဖြစ်စေချင်ပါတယ်။

နစ်နာသူတွေကိုပါ တိုက်ခိုက်နေတဲ့ လူတွေကိုရော ဘာပြောချင်လဲ။

ဒိန်းပိုပိုဒေါင် (သရုပ်ဆောင်)

နစ်နာသူတွေကို တိုက်ခိုက်တဲ့လူတွေကို ပြောချင်တာက ကိုယ်ချင်းစာတရားလေး ထားကြပါ။ ဖြစ်တဲ့အချိန်မှာကျတော့ မအော်ဘူးလား ဘာလား သူတို့က ပြောတယ်။ အဲဒီအတွက် ညီမပြောချင်တဲ့ စကားကတော့ တချို့ကရှိတယ် အားကိုးပြီးသွားမေးတယ် ကိုယ့်ကိစ္စ အဆင်ပြေချင်တော့ သူဘာပြောပြောကို ယုံမိမှာပဲ။ လုပ်မိမှာပဲ။ အော် ငါ ဒါလေးလုပ်လိုက်ရင်တော့ အဆင်ပြေသွားမှာပဲ ဆိုပြီးတော့ အားကိုးပြီး သွားပါတယ်ဆိုမှပဲ လုပ်မိမှာပဲ။ ပြီးတော့ သူ့ဘက်ကနေပြီးတော့ ရပ်တည် ပေးတဲ့လူတွေကို ပြောချင်တာက အရမ်းရင်းနှီးတဲ့လူကိုတော့ သူ ဘယ်လုပ်မလဲ ၊မသိတဲ့မိန်းကလေး တွေကိုတော့ သူ တစ်ခါစားနှစ်ခါစား လုပ်မှာပေ့ါ။ အရမ်းရင်းနှီးတဲ့ သူ့ဘက်ကနေ အပြည့်အဝ ထောက်ခံပေးတဲ့ မိန်းမတွေကိုတော့ သူ ဘယ်လုပ်မလဲ။ အဲဒါကို ပြောချင်တယ်။ ပြီးတော့ ပိုကို ခုနကမေးတယ်နော်။ တိုက်ခိုက်တဲ့အပေါ်ကို ဘယ်လိုမြင်လဲလို့ ပိုကို ပြောတယ် Cele ဖြစ်ချင်လို့ Hero ဖြစ်ချင်လို့ပေါ့၊ အဲဒီစကားကလေ အရမ်းကို ရယ်စရာကောင်းတယ်။ ပိုကို နိုင်ငံကျော် လူရွှင်တော် ဦးဒိန်းဒေါင်ရဲ့ သမီးပါဆိုပြီးတော့ အကုန်လုံးက သိကြတယ်။ အဲဒါကြောင့်မို့ Cele ဖြစ်ချင်စရာ အကြောင်းလည်းမရှိဘူး။ နဂိုကတည်းက လူသိပြီးသားလူတစ်ယောက်က လူထပ်သိချင် တယ်လို့ ပြောတဲ့လူက ဦးနှောက်မရှိတဲ့လူပဲလို့ ပြောချင်တယ်။

ညီမလေးအနေနဲ့ ဒီစကားဝိုင်းကို ပါဝင်ဖြစ်တဲ့ ရည်ရွယ်ချက်က ဘာလဲ။

ဝိုင်းယုယ (သရုပ်ဆောာင်)

ပါဝင်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ အမှန်တိုင်း ဖြစ်စေချင်တာပေါ့နော်။ အင်တာဗျူးတွေမှာလည်း သိပြီးသားပါ ဘယ်သူက မှန်တယ် မှားတယ်ဆိုတာ အကုန်လုံးက အသိဉာဏ်ရှိတဲ့လူတွေကို ၊ဒါကို ကြည့်တာနဲ့တင် သိနိုင်ပါတယ်။ ဒါပေမယ့် အဲဒါနဲ့မရဘူး။ ဥပဒေလမ်းကြောင်းအတိုင်း သွားရမယ်။ အမှန်ကန်ဆုံးဖြစ်အောင် လုပ်ရမယ်။ အပြစ်ရှိတဲ့လူကို အပြစ်ပေးရမယ်။ အဲဒီလိုမျိုး လုပ်စေချင်တာပါ၊ အဓိကကတော့။ ညီမတို့နောက်မှာက မျက်နှာ ထုတ်မပြရဲတဲ့ ညီမလေးတွေ အမတွေ အများကြီးရှိ တယ်။ အဲဒီကိုယ်စား ညီမတို့နှစ်ယောက်က သူတို့ကိုယ်စား ပြောပြပေးတယ်။ ရင်ဖွင့်ပေးတယ်ပေါ့။ အဲဒီလိုမျိုး နာမည်ကြီးချင်လို့တော့ မဟုတ်ပါဘူး။ အဓိကက အနောက်မှာဖြစ်နေတဲ့ဟာတွေ အကုန်လုံးကို ညီမတို့က သူတို့ကိုယ်စား ထုတ်ပြပေးတာ။ ပြောပြပေးတာ။ အဲဒါမှလည်း သိမှာပေါ့ နော်။ အဲဒီလိုမျိုးအနေနဲ့ ညီမတို့ ဒီစကားဝိုင်းကို ရောက်လာဖြစ်တာပါ။

ဒါဆိုရင် တကယ်ကြုံတွေ့ခဲ့ရတဲ့ ညီမလေးတို့အနေနဲ့ သူ့ကို ပြောခွင့်ရမယ်ဆိုရင် ဘာပြောချင်လဲ။

ဒိန်းပိုပိုဒေါင် (သရုပ်ဆောင်)

ဘာပြောချင်လဲဆိုတော့ အမှန်တရားဆိုတာ မျက်ကွယ်မရှိပါဘူး။ အခုချိန်မှာ သူ ဘယ်လောက်ပဲ ငြင်းနေငြင်းနေ တစ်ချိန်ချိန်မှာ အမှန်တရားဆိုတာက ပေါ်ပေါက်လာမှာပဲ။ အဲဒီအချိန်ကျမှ ရဲရဲကြီး ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါလို့၊ နောက်တစ်ခုပြောချင်တာကတော့ လူတွေမှာက လက်ဆယ်ချောင်းရှိ တယ်လေ ၊ လက်မမကောင်းရင် လက်မဖြတ်ရမှာပဲ၊ အဲဒီတော့ သူမကောင်းရင် သူပဲခံရမှာ။ ဘုရားဟောခဲ့သလို ကိုယ်ဖြစ်ကိုယ်ခံပဲ။ တခြား ဘယ်သူမှ ခံရမှာမဟုတ်ဘူး။ သူကပြောတယ် ဆရာမင်းသိင်္ခအဖွဲ့အစည်း နာမည်ပျက်တယ်တို့ ၊ ဘာတို့ ။ ပိုတု့ိပြောတဲ့အထဲမှာ ဆရာ အဘမင်းသိင်္ခ ရဲ့ နာမည်လည်း မပါပါဘူးလို့။ သူ့ကိုပဲ ပြောတာပါ။ တခြားအဖွဲ့အစည်းက လူတွေလည်း မပါပါဘူး။ သူ့ကိုပဲ တိုက်ရိုက်ပြောချင်တာ ဖြစ်တဲ့အတွက် သူဖြစ်ရင် သူခံရမှာတဲ့။ အမှန်တရားကို အခုချိန်မှာ သူ ဝန်ခံလိုက်လို့ရှိရင်လည်း သူ နောက်မကျသေးဘူးလို့တော့ ထင်ပါတယ်။

ဝိုင်းယုယ (သရုပ်ဆောာင်)

ညီမပြောချင်တာကတော့ ကောင်းတာလုပ်တဲ့သူက ကောင်းတဲ့အကျိုးကို ခံစားရသလို ၊မကောင်းတာ လုပ်တဲ့သူကလည်း မကောင်းတဲ့အကျိုးကို ခံစားရမယ်။ အဲဒီတော့ အခုချိန်မှာ သူက လိမ်နေတာ ဖြစ်တဲ့အတွက် သူ့လိပ်ပြာတော့ သူ လုံမှာမဟုတ်ဘူး။ အဲဒီတော့ ညီမတို့ဖြစ်စေချင်တာကတော့ အမြန်ဆုံး အမှုမှန် ပေါ်ပေါက်စေချင်တယ်။ အမှန်တရားအတိုင်း ဖြစ်သွားစေချင်တယ်။ မြန်မြန်ဝန်ခံမယ် ဆိုရင် ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ မြန်မြန်ဝန်ခံပါပေါ့နော်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ညီမလေးတို့ တခြား ဘာများ ဖြည့်ပြောချင်တာ ရှိသေးလဲ။

ဒိန်းပိုပိုဒေါင် (သရုပ်ဆောင်)

ပြောချင်တာကတော့ ပိုတို့အကုန်လုံးက Cele ဖြစ်ချင်လို့ လုပ်တာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဟုတ်ဘဲနဲ့ ကိုယ်ကိုတိုင်က အားလုံးရှေ့မှာ Public ချပြဖို့ဆိုတာ မလွယ်တဲ့ ကိစ္စတစ်ခုပါ။ တကယ်လို့ မဟုတ်ဘဲနဲ့ ပြောရင် ကိုယ်ပဲခံရမှာ။ ကိုယ်ဖြစ်ကိုယ်ခံအနေနဲ့ ကိုယ်လုပ်ခဲ့တာ။ အဲဒီတော့ ကိုယ်က အမှန်တရားဘက်ကပဲ လုပ်ခဲ့တာ။ အဲဒါကိုလည်း ကိုယ်ယုံတယ်။ ဘုရားလည်းသိတယ်။ သူလိမ်တာ ကိုလည်း ဘုရားလည်းသိတယ်။ အဲဒါကို ပြောချင်တယ်။

ဝိုင်းယုယ (သရုပ်ဆောာင်)

ပြီးတော့ မြန်မာမိန်းကလေးတွေက အယုံလွယ်ကြတယ်။ အကုန်လုံးကိုတော့ မဆိုလိုပါဘူး။ များသောအားဖြင့်က အယုံလွယ်ကြတယ်။ အဲဒီတော့ တစ်ခုခု လုပ်တော့မယ်ဆိုရင် ကိုယ်ပိုင် အသိဉာဏ်လေးနဲ့ စဉ်းစားပြီးတော့ ဆုံးဖြတ်စေချင်တယ်ပေါ့နော်။ ညီမလေးတွေ အမတွေကိုပေါ့နော်။ ပြီးတော့ လူတိုင်းကိုလည်း မယုံဖို့ပေါ့နော်။ ပြီးတော့ ကိစ္စတစ်ခုခု လုပ်တော့မယ်ဆိုလို့ရှိရင် အဖော်လေးတွေနဲ့ သွားစေချင်တယ်။ တစ်ယောက်ထဲသွားတာမျိုးမဟုတ်ဘဲနဲ့ အခုအခြေအနေ ကလည်း အမတို့ ညီမတို့ သိတဲ့အတိုင်းပဲလေ မိန်းကလေးတွေအတွက်က အကာကွယ် အရမ်းလို နေတယ်လေ ။ အဲဒီအခါကျတော့ ဒီလိုကိစ္စမျိုး ထပ်မဖြစ်အောင် ညီမတို့က ဒီလိုစကားဝိုင်းမှာ ပြောဖြစ်တာပေါ့နော်။    ။

အပိုင်း(၁) အပြည့်အစုံ - http://www.mizzimaburmese.com/article/37317

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly